သဲကွဲမလာတဲ့….မသဲကွဲတာတွေ

0
217

မြို့ ပြက ကျေးလက်ပုံစံ
ပြုလုပ်လိုတယ်
ကျေးလက်ကမြို့ ပြပုံစံ
ထုဆစ်လာတယ်။
ဆန်အတု ခေါက်ဆွဲအတု
ကြက်ဥအတု အသားအတု
ဂေါ်ဖီအတု ဖရဲသီးအတု
အတုအစ အတုအဆုံး အတုအလယ်မှာ
ငါ့ကိုယ်ငါလည်း
သံသယဝင်လာတယ်။
ဆေးရည်စိမ်ငါး
မဲနယ်စိမ်ပုစွန်
နွားမှန်းမသိဘဲ ကျွဲမှန်းမသိဘဲ
ဆတ်မှန်းမသိ ခွေးမှန်းမသိ
အပုပ်မှန်းမသိ အသိုးမှန်းမသိ
မသိခြင်းအစ မသိခြင်းအလယ်
မသိခြင်းအဆုံးမှာ
ငါကိုယ်တိုင်လည်း
ကြောင်ကြောင်ကျားကျား။
ပါကင်တွေလည်းလှတယ်
အရောင်တွေစုံပြီး ကြွတယ်
မက်လုံးတွေလည်းရတယ်
ဒါပေမဲ့ အဲဒီမုန့်တွေက အန္တရာယ်ရှိသတဲ့
ဖမ်းတယ်ဆီးတယ်
မှောက်တယ်သွန်တယ်
တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့
အဒေါ်ကြီးကို
မျက်ရည်ဖြိုင်ဖြိုင်ကျအောင်
ပညာပေးတယ်
မှန်ပါပေတယ်
အဲဒီမုန့်တွေက အန္တရာယ်ကြီးတယ်
အဲဒီအချိုမှုန့်တွေက
အန္တရာယ်ပေးတယ်
လက်လုပ်လက်စားတွေအတွက်အမှန်
အန္တရာယ်ပိုကြီးတယ်
အဲဒီပစ္စည်းတွေပဲပေါ့
မြေလျှိုး မိုးပျံတတ်တာ
ငါတွေ့ရတယ်။
အိမ်အကူဆိုလည်း မငှားရဲဘူး
စပွန်ဆာဆိုလည်း မပေးရဲဘူး
ဘာဆိုဘာမှမပြောရဲဘူး
သဲကွဲမလာတဲ့ မသဲကွဲတာတွေက
ကြာလေများလေ ဖြစ်ဖြစ်လာတယ်
နေမကောင်းဖြစ်လို့ ဆေးသောက်တာလား
ဆေးတွေသောက်လို့
နေမကောင်းဖြစ်သလား
ပိုးတွေရှိလို့ ဆေးဖျန်းတာလား
ဆေးတွေဖျန်းလို့ ပိုးရှိတာလား
မသဲကွဲဘူး
အပင်ရှိရင် အမြစ်ရှိမယ်
အမြစ်မကိုင် အပင်ချိုင်
အမြစ်နဲ့မငြိ အပင်နဲ့ငြိနေတာကိုလည်း
မသဲကွဲဘူး
ရောင်းသူရှိလို့ ဝယ်ကြတာလား
ဝယ်သူရှိလို့ ရောင်းကြတာလား
မသဲကွဲဘူး
ဒီနေ့ဒီရက်လား မနက်ဖြန်လား
ငါ့ကိုယ်ငါလည်း
မသဲကွဲဘူး။

ဟိန်းလတ်မိုး


LEAVE A REPLY

Please enter your comment!
Please enter your name here