မုန်တိုင်းထဲ မိုးစိုလေစိုတောင်ပံတွေ
အချင်းချင်းရောယှက်အနွေးဓာတ်ကို
ကိုယ်ထူကိုယ်ထ မွေးမြူနေတုန်း။
တဖျပ်ဖျပ် ပိုးစုန်းကြူးတွေ ငံ့လင့်
အလင်းကျတတ်တဲ့ ကောင်းကင်ကို
မေ့နေလိုက်တာ
လမ်းတွေ မှောင်လွန်းတယ်လေ
ချွေးသိပ်စရာ ပေါတယ်
သွေးတိတ်စရာ ရှားတယ်
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်စရာပဲလေ။
ကိုရီးယားဇာတ်ကားထဲက
မှီခိုစရာ ပခုံးလေး အားကျ
လောကဓံမီးနဲ့
အခြောက်ခံထားတဲ့ စက္ကူတွေ
စာလုံးပေါင်း မပီတော့ဘူး။
ဖာဆန်တဲ့ ကန်တော်မင်္ဂလာမှာ
မုဆိုးမရဲ့ ဒင်္ဂါးကျ ပိုက်စုတ်ထဲက
ငါးပေါက်စတွေ ပြုတ်ကျလာတယ်
စုစည်းထားတဲ့အင်အားက
ဖားတစ်ပိုင်း ငါးတစ်ပိုင်းတွေချည်းပဲ။
ဇော်သစ်ကြည်