အဆိုတော် ကျော်ဇင်မင်းရဲ့ ဒုတိယမြောက် ဂီတခြေလှမ်း ‘မထင်ခဲ့သော’

0
170


ပထမတစ်ကိုယ်တော်အခွေ ‘မျှော်လင့်သောနေ့’ ထွက်ရှိအပြီး တစ်နှစ်နဲ့ ရှစ်လအကြာမှာ ကျော်ဇင်မင်းက ဒုတိယခြေလှမ်းအဖြစ် ‘မထင်ခဲ့သော’ လို့အမည်ပေးထားတဲ့ တေးစီးရီးကို နိုဝင်ဘာလ ၁၉ ရက်နေ့က စတင်ထွက်ရှိလိုက်ပါပြီ။ ခေါင်းစဉ်လေးကိုက ရိုးရှင်းပြီး တွေးစရာလေးတွေရှိနေပါတယ်။ သူ ခေါင်းစဉ်ပေးဖြစ်ပုံကိုတော့ . . .

”ကျွန်တော့်စီးရီးခွေမှာ ကျွန်တော်တအားလည်း ကြိုက်တယ်။ ပြီးတော့ အယ်လ်ဘမ်တစ်ခုလုံးခြုံ ကြည့်လိုက်ရင် ဒီခေါင်းစဉ်လေးက အများကြီးတွေးလို့ရတယ်။ မထင်ခဲ့တဲ့အရာလေးတွေဆိုတော့ အဲဒါ လေးကို ရွေးဖြစ်တာပါ” လို့ ကျော်ဇင်မင်းက ဆိုပါတယ်။ တေးရေးတွေရဲ့ ပံ့ပိုးမှုအကြောင်းကိုလည်း ကျော်ဇင်မင်းက…

”ကိုဖိုးကာနဲ့ကတော့ မင်္ဂလာဆောင်တွေမှာ အမြဲတမ်းဆုံ ဖြစ်တယ်။ ကျွန်တော့်အစ်ကို လိုပဲ ဖြစ်နေတော့ အစ်ကို့ဆီမှာ သီချင်းအပ်ဖြစ်တယ်။ ကိုအငဲသီချင်းကတော့ သီချင်းအဟောင်းပါခင်ဗျ။ လွန်ခဲ့တဲ့ နှစ် ၂၇နှစ်လောက်က သီချင်းအဟောင်းလေးကို ကျွန်တော်ပြန်ပြီး သီဆိုထားပါတယ်။ ကျန်တာကတော့ ကျွန်တော့်သူငယ်ချင်း ခင်စုစုနိုင်၊ ကျွန်တော့်ညီလေး ဟန်နေတာတို့ရဲ့ သီချင်းလေးတွေ လည်းပါပါတယ်။ သီချင်း ၁ဝ ပုဒ်ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကျော်ဇင်မင်းကတော့ ၂ဝဝ၈ ခုနှစ်၊ Melody World ကနေ ပေါ်ထွက်လာတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ သူတို့ခေတ်တုန်းကဆို နီနီခင် ဇော်တို့၊ ခင်စုစုနိုင်တို့က ခေတ်ပြိုင်တွေဖြစ်ပါတယ်။ Melody World သီချင်းဆို ပြိုင်ပွဲကိုကော တစ်ခါတစ်ခါလွမ်းမိသလားလို့ ဆိုတော့ . . .

”ပြိုင်ပွဲကြီးက မရှိတော့ဘူးပေါ့နော်။ ဒါပေမဲ့ ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ ဒီ Current ထဲမှာ အလုပ်လုပ်နေကြတဲ့ သူငယ်ချင်းတွေ အများကြီးပဲဆိုတော့ ကျွန်တော်တို့ Melody World Family က တွေး ကြည့်လိုက်ရင် ပျော်စရာကြီးပါ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here