ပညာရေးနဲ့ ပတ်သက်ပြီး ရည်မှန်းချက်ကြီးတဲ့ လေပြေသွေး

0
212

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦး ဇင်ဝိုင်းရဲ့မြေး၊ သရုပ်ဆောင် မင်းမော်ကွန်းရဲ့ သမီးဖြစ်တဲ့ လေပြေသွေးကတော့ အဘိုးနဲ့ အဖေတို့ရဲ့ အနု ပညာအမွေကို ဆက်ခံသွားမယ့် မျိုးဆက်သစ် အနုပညာရှင် တစ်ဦး ဖြစ်လာဦးမှာပါ။ ဒါရိုက်တာ စတီးလ်ရိုက်ကူးမယ့် ‘ကျားနဲ့ဆင်’ ရုပ်ရှင်ဇာတ်ကားမှာ အဘိုးဖြစ်သူနဲ့အတူ ပထမဦးဆုံးအနေနဲ့ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး နေတိုးရဲ့ညီမ၊ စကားမပြောတတ်တဲ့ ကောင်မလေး နေရာကနေ သရုပ်ဆောင်သွားမှာပါ။ ဒီဇာတ်ကားမှာ ဖခင်ဖြစ်သူ မင်းမော်ကွန်း ပါဝင်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း ဇာတ်ကောင်ကာရိုက်တာနဲ့ လိုက်ဖက်မှုမရှိတဲ့အတွက် မပါဝင်ဖြစ်တော့ဘူးလို့ သိရပါတယ်။ လေပြေသွေးက ငယ်စဉ်တုန်းကတော့ အဖေနဲ့ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးခဲ့ဖူးသလို နေတိုးနဲ့လည်း ဇာတ်ကားတွေ ရိုက်ကူးခဲ့ဖူးသူပါ။ ‘ပထမဦးဆုံး ဇာတ်ကားဖြစ်တော့ တအား စိတ်လှုပ်ရှားတယ်။ အစွမ်းကုန် ကြိုးစားသွားမှာပါ။ အိုက်တင်တွေလည်း အများကြီး လေ့လာသွားမယ်။ ဖေဖေကတော့ ရုပ်ရှင်တွေကြည့်ရင် အိုက်တင်က ဘယ်လိုဆိုတာ မျိုးရှင်းပြတာရှိတယ်။ ငယ်ငယ်တုန်းကလည်း ဖေဖေ့ ရှုတင်တွေလိုက်သွားဖူးပါတယ်’လို့ လေပြေသွေးက ပြောပါတယ်။

လေပြေသွေးကတော့ စကားနည်းပြီး အနေအေးသလို ရှိပေမယ့်လည်း အလုပ်တစ်ခုလုပ်တဲ့ အခါတိုင်းမှာတော့ မဖြစ်ဖြစ်အောင် ကြိုးစားတတ်တဲ့သူ တစ်ဦးပါ။ အနုပညာနဲ့ပတ်သက်ပြီး အခွင့်အရေး ရရင်ရသလို ဆက်လုပ်သွားဖို့လဲ အစီအစဉ် ရှိပါတယ်။ အခုအချိန်မှာတော့ အသက် ၁၇နှစ်ရှိပြီဖြစ်ပြီး ပညာရေးကတော့ IGCSE ဖြေဆိုထားပါတယ်။ ပညာရေးဘက်မှာလည်း ထူးချွန်သူ တစ်ဦးဖြစ်ပြီး နိုင်ငံခြားကိုလည်း လေ့လာရေး ခရီးတွေ သွားရောက်ခဲ့သူပါ။ ပညာရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ရည်မှန်းချက်အနေနဲ့ လေပြေသွေးက ‘ပညာရေးနဲ့ ပတ်သက်ပြီး သမီးကတော့ အကြီးကြီး မျှော်မှန်းထားတယ်။ သမီးလုပ်ချင်တဲ့ ပုံစံက သူများတွေနဲ့ သိပ်မတူဘူး ထင်တာပဲ။ နိုင်ငံခြားမှာ တက္ကသိုလ် သွားတက်ဖို့ကတော့ မေမေနဲ့ ဖေဖေ့အပေါ်မှာ မူတည်ပါတယ်’လို့ ပြောပါတယ်။ လေပြေသွေးက နိုင်ငံခြားမှာတက္ကသိုလ် သွားတက်ချင်တာဖြစ်ပြီး မိဘတွေ ခွင့်ပြုရင်တော့ သွားတက်ဖြစ်မယ်လို့ ဆိုပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here