မကြာခင်မှာ တစ်ကိုယ်တော် အခွေထွက်ရှိမယ့် အုပ်စိုးခန့်

0
537

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော် အုပ်စိုးခန့်ကတော့ မကြာခင်မှာ သူ့ရဲ့ တစ်ကိုယ်တော် စီးရီးခွေ ထွက်ရှိနိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ‘ချစ်နေပြီ’ သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှု တော်တော်များများကို ရရှိခဲ့တဲ့ အုပ်စိုးခန့် အနေနဲ့ အခုပြင်ဆင်နေတဲ့ သီချင်းခွေကကော ဘယ်လိုသီချင်းပုံစံမျိုးတွေ ဖြစ်မလဲဆိုတာကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

“ကျွန်တော် အခုထွက်မယ့် သီချင်းခွေအတွက် ပြင်ဆင်နေတာတွေတော့ ပြီးသွားပါပြီ။ ထွက်ရှိဖို့ အပိုင်းပဲ ကျန်တော့တာပါ။ ဒီရက်ပိုင်း ထွက်ရှိမယ်လို့ပြောပြီး မထွက်ဖြစ်ခဲ့တာကလည်း ကျွန်တော် ပရိသတ်တွေကို မလေးစားလို့လည်း မဟုတ်ပါဘူး။ အချိန်တွေ ဆွဲနေတာလည်း မဟုတ်ပါဘူး။ ကြားထဲမှာ စာမေးပွဲတွေ ရှိနေတာလည်းပါတယ်။ ပြီးတော့ ကျွန်တော့ရဲ့ စိတ်ရှုပ်စရာ ကိစ္စတွေ ဖြစ်သွားတာကြောင့် အခွေထွက်ဖို့ နည်းနည်းကြာသွားတာပါ။ ဒါပေမဲ့ ဒီရက်ပိုင်း အခွေထွက်ရှိမယ့် အကြောင်းလေးတွေ နည်းနည်းလုပ်နေရတဲ့အတွက် အလုပ်တော့ နည်းနည်းရှုပ်နေပါတယ်။ ကျွန်တော် အကောင်းဆုံး ပြင်ဆင်နေပါတယ်။ အခွေထဲမှာလည်း အချစ်သီချင်း၊ အလွမ်းသီချင်း ရသမျိုးစုံ ပါဝင်တဲ့အတွက်ကြောင့် ပရိသတ်တွေလည်း တော်တော်များများ ကြိုက်ကြမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်လည်း ကျွန်တော့်ရဲ့ ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားနေပါတယ်။ အခွေလည်း မကြာခင် ထွက်တော့မှာပါ။ အခွေအတွက် ပရိုမိုးရှင်းကို ကျွန်တော် ဒီဇင်ဘာ ၉ ရက်နေ့မှာ မြန်မာပလာဇာမှာလုပ်ဖို့ ပြင်ဆင်ထားပါတယ်။ ပရိသတ်တွေလည်း အားပေးကြပါဦး” လို့ အုပ်စိုးခန့်က ပြောပါတယ်။

အဆိုတော် ဖြစ်လာဖို့ အထောက်အပံ့တွေ အများကြီး လုပ်ပေးခဲ့တဲ့သူတွေ ရှိတဲ့ အထဲမှာ မိခင်ဖြစ်သူက အဓိက ပံ့ပိုးစောင့်ရှောက်မှုတွေ လုပ်ပေးတဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ပါလို့ သူက ပြောပြပါသေးတယ်။

“မေမေကတော့ ကျွန်တော့်ရဲ့ ပဲ့ကိုင်ရှင် တစ်ယောက်ပါ။ ကိစ္စတွေ မှန်သမျှကို အကုန်လုံး အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးတယ်။ ကျွန်တော် မကောင်းလည်း အမြဲတမ်း သွန်သင်ဆုံးမပေးတယ်။ ကျွန်တော့်ကိုလည်း တအားဂရုစိုက်တယ်။ ပြီးတော့ ပထမဦးဆုံး အနေနဲ့ ကျွန်တော် အဆိုတော် ဘဝထဲကို ရောက်လာတယ်။ ကျွန်တော်က သီချင်းဆိုတာ ဝါသနာပါတာ မေမေက သိတော့ လိုအပ်တာတွေကို ပံ့ပိုးပေးတယ်။ နောက်ကနေ အမြဲ ဂရုတစိုက်နဲ့ လုပ်ပေးတယ်။ မေမေက ကျွန်တော့်ကို တအား ဂရုစိုက်ပေးတဲ့ အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်” လို့ အုပ်စိုးခန့်က မိခင်ရဲ့ စောင့်ရှောက်မှု အပိုင်းနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here