ထူးခြားတဲ့ သရုပ်ဆောင်မှုတွေနဲ့ မြင်တွေ့ရဦးမယ့် အိစိကွေး

0
346

ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ်ကနေ ဒီနေ့ဒီအချိန်ထိ ပရိသတ် အားပေးမှု ရရှိနေသူကတော့ သရုပ်ဆောင် အိစိကွေးပါ။ မကြာမီ အချိန်အတွင်းကလည်း ‘အလွမ်းရဲ့ အရသာ’ ဆိုတဲ့ သီချင်းကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆို၊ ကိုယ်တိုင် သရုပ်ဆောင်ထားကာ ထွက်ရှိထားပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတာလည်း ဖြစ်ပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ရုံတင်တော့မယ့် ‘အဆိပ်ရှိ လူရိုင်း’ ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာလည်း သူတစ်ခါမှ သရုပ်မဆောင်ဖူးတဲ့ ထူးထူးခြားခြား ကာရိုက်တာတွေနဲ့ အိစိကွေးကို မြင်တွေ့ရဦးမှာပါ။ အဲ့ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အိစိကွေးက . . .

“ဒီဇာတ်ကား ရိုက်ကူးထားတာ တစ်နှစ်ကျော်လောက် ရှိပြီ။ ဒါရိုက်တာက ဦးစတီးလ်နဲ့ ကိုနိုင်းနိုင်း၊ ကိုခါရာ၊ ကိုထွန်းကိုကို၊ မရွှေသမီးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတယ်။ ကျွန်တော့် ဇာတ်ရုပ်က ကိုနိုင်းနိုင်းရဲ့ ငယ်ဘဝနေရာ၊ စိတ္တဇဖြစ်နေတဲ့ ကာရိုက်တာ နေရာကနေ သရုပ်ဆောင် ထားတယ်။ ဒီဇာတ်ကောင်က ကျွန်တော် တစ်ခါမှ မလုပ်ဖူးတဲ့ ပုံစံမျိုးလေးပါ။ မိဘတွေရဲ့ သွန်သင်ဆုံးမမှုတွေ လွဲမှားပြီး ကလေးတွေ ဒုက္ခရောက်သွားတဲ့ ဇာတ်ကားပုံစံမျိုးပါ။ ဒီရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော် ကြိုးစားပြီးတော့ သရုပ်ဆောင်ထားတယ်။ ဒီရုပ်ရှင် ဇာတ်ကားရုံတင်တော့မှာဆိုတော့ ပရိသတ်ကြီးလည်း ကြည့်ရှုပြီး အားပေးဝေဖန် ပေးကြပါ” လို့ ပြောပြပါတယ်။

‘အဆိပ်ရှိ လူရိုင်း’ ဇာတ်ကား ရုံမတင်ခင်မှာ အဖွဲ့သားတွေ စုပြီး အလှူသွားရောက် လုပ်ဖြစ်ပုံကိုလည်း အိစိကွေးက ပြောပြပါသေးတယ်။ “နိုဝင်ဘာလ ၁၄ ရက်နေ့က ရှစ်မိုင်က နန်းဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ကလေးတွေ အတွက် အစားအသောက်တွေ၊ သွားရောက်လှူဒါန်းဖြစ်တယ်။ လှူဒါန်းဖြစ်တဲ့အတွက် ပျော်လည်းပျော်တယ်။ ပီတိလည်း ဖြစ်ရပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here