မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်း၏ တတိယအကြိမ် နှစ်ပတ်လည် အစည်းအဝေးနှင့် ဆုပေးပွဲ ကျင်းပ

0
144


မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိ သူများ အသင်း၏ တတိယအကြိမ်အမှုဆောင် ရွေးချယ်တင် မြှောက်ပွဲ၊ နှစ်ပတ်လည် စုံညီအစည်း အဝေးနှင့် ၂ဝ၁၇ ခုနှစ်အတွက် အကောင်းဆုံးစာအုပ်ထုတ်ဝေသူဆု၊ အကောင်းဆုံး စာအုပ်အရောင်းဆိုင်ဆု၊ တစ်သက်တာ စာပေတိုက်ဆုတို့အား ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ Orchid Hotel တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ကျင်းပပြုလုပ် ခဲ့သည်။


”အစည်းအဝေးပထမပိုင်း အစီအစဉ် အနေနဲ့ ကတော့ UMFCCI ရဲ့ တာဝန်ရှိသူတွေရယ်၊ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းက တာဝန်ရှိသူ တွေရယ်၊ မြန် မာနိုင်ငံပုံနှိပ်ထုတ်ဝေရေးအသင်းက တာဝန်ရှိသူတွေ ရယ် အားလုံးပေါင်း ကော်မရှင် ၅ ဦးရဲ့ ရှေ့မှောက်မှာ CEO ရွေးချယ်တင်မြှောက်ပွဲ ကျင်းပခဲ့ပါတယ်။ ဒုတိယပိုင်း အစီအစဉ်အနေနဲ့ကတော့ မြန်မာနိုင်ငံ စာပေထုတ်ဝေသူ နှင့် ဖြန့်ချိသူများအသင်းက ကြီးမှူးပြီး နှစ်စဉ် ကျင်းပတဲ့ အသင်းသား စုံညီအစည်းအဝေးရယ်၊ အကောင်းဆုံး စာအုပ်ထုတ်ဝေသူဆု၊ အကောင်းဆုံး စာအုပ်အရောင်း ဆိုင်ဆု၊ တစ်သက်တာ စာပေတိုက်ဆု ချီးမြှင့်ပွဲ အခမ်း အနားဖြစ်ပါတယ်။ ဒီအသင်းက စတင်ဖွဲ့စည်းစဉ်ကတည်း က စာအုပ်တိုက်တွေတတ်နိုင်သလောက် စုစည်းနိုင်ခဲ့တယ်။ စာအုပ်ထုတ်ဝေသူတွေအတွက်အကျိုးရှိစေမယ့် ကိစ္စရပ် တွေ အတော်များများကို ပြုလုပ် နိုင်ခဲ့ပြီး ဖြစ်ပါတယ်’ဟု မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းမှ ကိုမြင့်ထွန်းက ပြောသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း တတိယ သက်တမ်း အတွက်တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်များအား အတည် ပြု ကြေညာခဲ့သည်။ မြန်မာနိုင်ငံ စာပေထုတ်ဝေ သူနှင့် ဖြန့်ချိသူများအသင်း၏ ဥက္ကဋ္ဌအဖြစ် Asian Fame Media Group နှင့် ငွေသော်တာ စာပေတိုက်မှ ထုတ်ဝေသူ ဒေါ်နန်းကလျာဝင်းကို အသင်းသားများက ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ထို့နောက် အကောင်းဆုံး စာအုပ်ထုတ်ဝေသူဆုကို နှင်းဆီဖြူစာအုပ်တိုက်၊ အကောင်းဆုံး စာအုပ်အရောင်းဆိုင်ဆုကို ထွန်းဦးစာပေ (မန္တလေး) ၊ တစ်သက်တာ စာပေတိုက်ဆုကို မန္တလေးလူထု တိုက်တို့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

စုမွန်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here