တစ်လကို တစ်မြို့သွားပြီး စတုဒိသာ အလှူလုပ်ချင်တဲ့ ပိုပို

0
219

သူ့နာမည်က ပိုပိုလေ။ အလှူ လုပ်တဲ့နေရာမှာတော့ တကယ့်ကို သာဓုခေါ်လောက်ပါပေတယ်။ အလှူတွေလုပ်၊ ဘာသာတရားကို ရို သေကိုင်းရှိုင်းလို့လည်း အခုလို အောင်မြင်မှုတွေ ဆင့်ကဲဆင့်ကဲ ရနေတာလည်း ပါမှာပေါ့။ ပိုပိုနဲ့ တောင်ငူမြို့တည်နန်းတည် ၅ဝ၈နှစ် ပြည့်ပွဲမှာ တွေ့တော့ ဖုန်းစခရင်လေးကို ကြည့်ပြီး တတွတ်တွတ်ရွတ်နေတာ တွေ့တယ်။ ဘာလုပ်နေတာလဲလို့ သေသေချာချာ သွားကြည့်မိတော့ မြတ်စွာဘုရားကို ပဋ္ဌာန်းရွတ်ပြီး ပူဇော်နေတာတဲ့လေ။ ဒါဟာ အလေ့အကျင့်ပါပဲ။

”ဘုရားရှိခိုးတာတို့၊ ပဋ္ဌာန်းရွတ် တာတို့ကတော့ ဘယ်နေရာမဆို၊ ဘယ်လိုအဝတ်အစားမဆို၊ ဘယ်အချိန်ပဲမဆို ပဋ္ဌာန်းကတော့ အမြဲရွတ်တယ်။ ပို ပုတီးစိပ်တယ်။ သတ်မှတ် ထားတဲ့ အပတ်ရေ ပြီးသွားရင် ပဋ္ဌာန်းရွတ်တယ်ပေါ့နော်။ အခုကတော့ အချိန်လေးရလို့ ပဋ္ဌာန်းထိုင် ရွတ်ဖြစ်တာပါ။ အမြဲတမ်း ကိုယ့်ရဲ့တာဝန် မပျက်ရဘူးပေါ့” လို့ သူက ပြောပါတယ်။ အဲဒီနေ့က တန်ဆောင် မုန်းလပြည့်နေ့ညပေါ့။ နောက်ထပ် ၂ရက်အကြာမှာတော့ ပိုပိုက ရန်ကုန်မှာရှိတဲ့ သူ့ရဲ့ကလေးဘဝက ရပ်ကွက်လေးမှာ စတုဒိသာအလှူ ပြုလုပ်ခဲ့ ပြန်ပါတယ်။ ဒီနှစ်က အိမ်ဆောက်နေတာနဲ့ ငွေကုန်ကြေးကျ များနေပေမယ့် စတုဒိသာ လှူချင်လို့ပါတဲ့။

” Fans တွေနဲ့ တိုင်ပင် ပြီးတော့ လုပ်တာပါ။ ဆန်ကတော့ ၁၁ အိတ်ပေါ့နော်။ Fans တွေ စုပေါင်းပြီးတော့ တစ်အိတ်လှူတယ်။ ပိုပိုက ဆယ်အိတ်လှူတယ်။ အားလုံး ပေါင်း ၅သိန်းခွဲဖိုး လှူလိုက်တယ်။ တစ်ယောက်ကို ၄လုံးနှုန်းနဲ့ လှူတာ။ လူတွေက အများကြီးပဲ။ အဓိကကတော့ အဘိုး၊ အဘွားရယ်၊ အဖေ့အတွက်ရယ် ရည်စူးပြီးတော့ လှူတာပါ” လို့ ပိုပိုက ဆက်လက်ပြောပါတယ်။ ဒီနှစ်တန်ဆောင်တိုင်မှာ ပိုပို ကထိန် ခင်းခဲ့သေးတယ်တဲ့။ ပြီးတော့ သူ့မှာ စိတ်ကူးတစ်ခုလည်းရှိပါသေးတယ်။ အဲဒါက . . .

”ပို ကထိန်အလှူလေးလည်း လှူဖြစ်သေးတယ်။ အဲဒါကတော့ ပို စစ်ကိုင်းဘက်မှာပေါ့နော်။ သီတဂူသံဃာ့ တက္ကသိုလ်မှာ ကျောင်းလာတက်တဲ့ တချို့သော ဘုန်းဘုန်းတွေမှာ ကထိန်သင်္ကန်း မကပ်ရသေးတာတွေ ရှိတယ်။ အဲဒီ ကိုယ်တော်တွေကို ပိုပို လှူဖြစ်တယ်။ ဒီရန်ကုန်မှာလည်း စတုဒိသာကျွေးတယ်ပေါ့နော်။ ပို နောက်နှစ်တွေ၊ နောက်နှစ်တွေမှာ ပဲဖြစ်ဖြစ် တစ်နိုင်ငံလုံးက ပရိသတ်တွေဆီ လာပြီးတော့ တစ်လတစ် မြို့လောက် ကျွေးချင်တယ်။ (ရယ်လျက်)။ ကိုယ်ရောက်တဲ့ နေရာတိုင်းမှာ အလှူလုပ်ချင်တယ်။ ပရိသတ်တွေ အကုန်လုံးကို လှူချင်တယ်လို့ ပြောချင်တာပါ။ ပြီးတော့ ပို့ကို ချစ်ကြတဲ့ပရိသတ်တွေ အကုန်လုံးကိုလည်း ပို ကျေးဇူးတင်ပါတယ်။ နယ်က ပရိသတ်တွေနဲ့လည်း ပျော်ပျော်ရွှင်ရွှင်၊ ရင်းရင်းနှီးနှီး တွေ့ချင်ပါသေးတယ်” လို့ ပိုပိုက ပြောပြခဲ့ပါတယ်။

သတင်း-မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here