အနုပညာဝါသနာပါတဲ့ သမီးဖြစ်သူ Apple Myint Aung ကို အကောင်းဆုံးပံ့ပိုးပေးသွားမယ့်ပိုမိုမြင့်အောင်

0
149


သရုပ်ဆောင်မို့မို့မြင့်အောင်ရဲ့ တူမတစ်ယောက်ဖြစ်တဲ့ ပိုမိုမြင့်အောင်ဟာဆိုရင် အနုပညာလောကမှာ နေရာတစ် နေရာရအောင်ရပ်တည်နိုင်ခဲ့ပြီး အခုအခါ မိခင်ဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းတွေကိုဦးစီးကာ လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ အနုပညာဗီဇသွေးတွေ အမြဲတမ်းစီးဆင်းနေတဲ့ သူတို့မိသားစုမှာ အသက်ငယ်ငယ်လေးနဲ့ အနုပညာကို စိတ်ဝင်စားတဲ့သူ တစ်ယောက်လည်း ထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။ သူကတော့ ပိုမိုမြင့်အောင်ရဲ့ သမီးဖြစ်သူ Apple Myint Aung ပါ။
သမီးဖြစ်သူ Apple Myint Aung ကငယ်ငယ်လေးနဲ့ အနုပညာကို ဝါသနာပါတဲ့အတွက် မိခင်တစ်ယောက်အနေနဲ့ အကောင်းဆုံးပံ့ပိုးပေးသွားမယ်ဆိုတာကို ပိုမိုမြင့်အောင်က…

”သူက သီချင်းသံကြားရင် ငယ်ငယ်လေးကတည်းက စိတ်ဝင် စားတယ်။ သူလသားအရွယ်လောက်ကတည်းက သီချင်းသံကြားရင် လှုပ်စိလှုပ်စိဖြစ်လာတယ်။ အနုပညာမျိးရိုးကလည်းရှိတယ်။ အနုပညာဘက်မှာလည်း ဗီဇတို့၊ သွေးတို့ကလည်းပါတယ်။ အဲဒီအရာတွေက လုပ်ယူလို့လည်း မရဘူးလေ။ အမေ ဖြစ်သူကိုယ်တိုင်ကလည်း ဝါသနာပါခဲ့တာဆိုတော့ သူလည်းဝါသနာပါ လာတဲ့အခါကျတော့ အကောင်းဆုံးပံ့ပိုးပေးသွားမယ်။ ကိုယ်အနုပညာ အလုပ်တွေလုပ်တုန်းကလည်း မိဘကကိုယ့်ရဲ့လုပ်ရည်ကိုင်ရည်ကိုကြည့်ရင်း အကောင်းဆုံးပံ့ပိုးပေးခဲ့တယ်။ သူက ပညာရေးပိုင်းဆိုင်ရာမှာလည်း စိတ်ဝင်စားတယ်။ ပညာရေးဘက်မှာလည်း ထူးချွန်တာဖြစ်တဲ့အတွက် အနုပညာ ဘက်ကိုရော၊ စာဘက်ကိုရော အစ်မတို့ကအကောင်းဆုံး ကူညီပံ့ပိုးပေးသွားမှာပါ”လို့ပြောပြခဲ့ပါတယ်။

သမီးဖြစ်သူ Apple ရဲ့ ချစ်စရာကောင်းပုံလေးတွေကိုလည်း”အစ်မက ကလေးမရနိုင်ဘူးဆိုတော့ အစ်မသမီးလေးကို ဘန်ကောက်ကနေ ဖန်ပြွန်သန္ဓေနဲ့ယူပြီး မွေးထားတာ။ သူကတအားလည်းလိမ္မာတယ်။ တအားလည်းချစ်ဖို့ကောင်းတယ်။ နေလည်းနေ တတ်တယ်။ အစ်မတို့အိမ်မှာ အသက် ၉၄ နှစ်အဘွားရှိတယ်။ အစ်မထက်တောင် သူကအဘွားကို ပိုပြုစုပေးတယ်။ အပေါ့အပါးလည်း သူ ကိုယ်တိုင်လုပ်ပေးတယ်။ ထမင်းက အစသူကိုယ်တိုင်ခွံ့ကျွေးတယ်။ ဒီကလေးမှာ ငယ်ငယ်လေးနဲ့ ကြင်နာတတ်တဲ့ နှလုံးသားပါလာတဲ့အတွက်ကြောင့် အစ်မတို့လည်း ဝမ်းသာတယ်။ လုပ်ယူစရာလည်းမလိုဘူး။ အခုလိုမျိုး အဘိုးအဘွားတွေကို ပြုစုတဲ့ကလေးမျိုးရတဲ့အတွက်ကြောင့် ကိုယ်ကပိုပြီးဂုဏ်ယူမိတယ်”လို့လည်း ပိုမိုမြင့်အောင်က ပြောပြ ခဲ့ပါတယ်။


အနုပညာအလုပ်ကိုနားပြီး စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ဖြစ်နေတာကိုလည်း ပိုမိုမြင့်အောင်က ”အဓိကက အစ်မ အမေသဇင်မြင့်အောင်က ခရီးသွားလုပ်ငန်းလုပ်တယ်။ အစ်မက တစ်ဦးတည်းသောသမီးလည်းဖြစ်တယ်။ အစ်မ အမေရဲ့လုပ်ငန်းကို ဆက်လုပ်ဖို့က အစ်မတစ်ယောက်ပဲရှိတော့ မိဘကို ကူညီပြီးလုပ်ကိုင်ပေးရင်းနဲ့ ဒီဗုဒ္ဓဂယာခရီးသွားလုပ်ငန်း ကို အစ်မဦးစီးပြီး လုပ်ကိုင်ဖြစ်သွားတာပါ။ အနုပညာအလုပ်ဆိုရင်လည်း မောင်နှမတွေအတွက်ရော၊ ကိုယ့်မိသားစုတွေ အတွက်ရော အစစအရာရာ အကုန်ပံ့ပိုးကူညီပေးသွားမယ်။ အနုပညာဘက်မှာ အရင်တုန်းက မောင်လေးတွေကို ပရိုဂျူ ဆာအနေနဲ့ Music လေးတွေ လုပ်ပေးဖူးတယ်။ သမီးလေးကလည်း ငယ်သေးတယ်။ သမီးလေးကြီးလာလို့ အနုပညာဘက်မှာ ထူးချွန်ရင်လည်း ပရိုဂျူဆာအနေနဲ့လုပ်ပေးသွားဖို့ အစ်မမှာရည်ရွယ်ချက်ရှိပါတယ်”လို့လည်း ပြောပြခဲ့ပါတယ်။ အနုပညာဗီဇ သွေးပါတဲ့ Apple Myint Aung က Plus Activity Children Sports Centre မှ Ballet Concert & Family Fun Day အခမ်းအနားမှာလည်း ကကွက်ပေါင်းစုံနဲ့ ပရိသတ်တွေကိုကပြဖျော်ဖြေပေးသွားခဲ့ပါတယ်။ အကတွေကရတာ ပျော်တယ်ဆို တာကိုလည်း Apple Myint Aung က…

‘သမီးက Apple ပါ။ ဒီလို အကတွေ ကရတာပျော်တယ်။ အိမ်မှာလည်း ကဖြစ်တယ်။ Life and Dance က ဆရာမင်းမင်းထွန်းရယ်၊ ဘဲလေးအကသင်တန်းက Teacher တို့က အကတွေကို သင်ပေး တယ်။ ကျောင်းတက်နေတာ Year 1 ရောက်သွားပြီ။ မေမွှေး(မို့မို့မြင့်အောင်)ကိုလည်းချစ်တယ်”လို့ သူကချစ်စဖွယ်ပြောပြခဲ့ပါ တယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here