အစ်ကိုဖြစ်သူ နိုင်းနိုင်းကလည်း အောင်မြင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလို ညီမဖြစ်သူ ဖူးဖူးကလည်း အနုပညာနယ်ပယ်မှာ ပရိသတ်တွေ အားပေးမှုကို ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့တော့တာကြောင့် ပရိသတ်တွေက အနုပညာအလုပ်ကို ရပ်နားလိုက်ပြီလို့ ထင်နေကြတဲ့အပေါ်ကိုလည်း ဖူးဖူးက ” ဖူးကို သရုပ်ဆောင်မကောင်းလို့ ခေါ်မရိုက်တာထင်ပါတယ် (ရီလျက်)။ ဖူးက အနုပညာအလုပ်ကို ဘယ်တော့မှ မနားပါဘူး။ တချို့ကလည်း ဖူးကို အနုပညာအလုပ်ကို နားတယ်ဆိုပြီး မခေါ်တာရော၊ ခေါ်မရိုက်တာတွေရော၊ ဖူးကလည်း မရိုက်ဖြစ်တာတွေကြောင့် အကြောင်းတိုက်ဆိုင်သွားပြီး ပရိသတ်ကြီးနဲ့ အဆက်အသွယ်ပြတ်သလို ဖြစ်နေတာပါ။ ဖူးက အနုပညာအလုပ်ကို ချစ်တာကြောင့် ဘယ်တော့မှမနားပါဘူး” လို့ ပြောပါတယ်။
အစ်ကိုဖြစ်သူ နိုင်းနိုင်းက အနုပညာဘက်မှာရော၊ အိမ်ထောင်ရေးမှာပါ အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် အားကျမိလားဆိုတာကိုလည်း “ဖူးကတော့သိပ်အားမကျဘူး။ သူလည်းသူ့ lifeနဲ့သူပျော်တယ်။ အောင်မြင်တယ်။ ဖူးလည်းဖူးlifeမှာ ဖူးအဖေ၊ အမေနဲ့အတူ ဘ၀ကိုဖြတ်သန်းပြီးနေထိုင်တယ်။ ဖူးလည်းပျော်တယ်။ ဒါပေမယ့် အစ်ကိုကြီးတို့ မိသားစုလေးက ပျော်စရာကောင်းတဲ့ မိသားစုလေးတစ်ခုအဖြစ်တော့မြင်တယ်။ သူတို့ကို တွေ့ရရင်လည်းပျော်တယ်ဆိုပြီးပြောပြခဲ့ပါတယ်။ ကိုနိုင်းနိုင်းရဲ့ သား၊ သမီးတွေဆီ အလည်သွားဖြစ်တာနဲ့ ပတ်သက်ပြီးတော့လည်း ဒီ၂၀၁၈မှာသူတို့ဆီ ၂ခါသွားပြီးသွားပြီ ။ အစ်ကိုကြီးကတော့ ပြောတယ်။ အငယ်လေးက ဖူးနဲ့ပုံစံချင်း တူတယ်ဆိုပြီးပြောတယ်။ သူတို့က လိုချင်တာရှိရင်အဒေါ်ကို ဇွတ်ပူဆာတယ်။ အဖေအမေကို မလုပ်ရဲတဲ့ဟာတွေ အကုန်လုံးကို အဒေါ်နဲ့လုပ်တယ်။ သူတို့ကိုတော့ ဖူးတအားချစ်တယ်” လို့ပြောပြခဲ့ပါသေးတယ်။ အချစ်ရေးမှာ ကံမကောင်းတဲ့အတွက် အခုချိန်ထိတစ်ယောက်တည်းနေဖြစ်တာပါဆိုတာကိုလည်း ဖူးဖူးက ”အခုအချိန်ထိလည်းဖူးက တစ်ယောက်တည်းပါပဲ။ ဖူးစာရှင်က ဘယ်မှာလဲတော့မသိသေးဘူး။ အခုအချိန်ထိ တစ်ယောက်တည်းဖြစ်နေတာကဖူးကအချစ်ရေးကံမကောင်းလို့ပါ။ အချစ်ရေးမှာ တစ်ကြိမ်တစ်ခါတော့ ဖူးခံစာဖူးခဲ့တယ်။ အသည်းကွဲဖူးတယ်။ အဲ့ကြောင့်မို့ ဖူးအခုအချိန်မှာ ဘယ်အသက်ရွယ်မှာ လက်ထပ်မယ်ဆိုပြီး ဖူးသတ်မှတ်မထားတော့ဘူး။ တစ်ခါတုန်းက သတ်မှတ်ထားခဲ့တယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ဘူး။ ဖူးအချိန်အချိန်မှာ ကိုယ့်မှကိုယ် တစ်ယောက်တည်းပဲနေပါတယ်။ တစ်ယောက်တည်းပဲကောင်းပါတယ် ဆိုပြီး” ပြောပြခဲ့ပါတယ်။
ခိုင်ဝါဝင်း ဓာတ်ပုံ – မင်းမင်းထွန်း