အဆိုးဆုံးကို မျှော်လင့်ထားသလို အကောင်းဆုံးတွေကိုလည်း ကြားချင်ပါတယ် Mary

0
228

တစ်ယောက်တည်းဖြစ်နေတဲ့အချိန်၊ တစ်ယောက်တည်း ကားမောင်းနေတဲ့အချိန်၊ ခရီးထွက် နေတဲ့အချိန်တွေမှာ သူ့ရဲ့သီချင်းတွေကို နားထောင်ရင် ပိုပြီးအဆင်ပြေလိမ့်မယ်လို့ အဆိုတော်မလေး Mary က ပြောပါတယ်။ ဟုတ်ပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့မှာ Mary ရဲ့ ‘Midnight Thoughts’ တစ်ကိုယ်တော်အခွေထွက်ရှိခဲ့ပါပြီ။ သူကပြောလိုက်ပါသေးတယ်။ ပျော်နေတဲ့အချိန် နားမထောင် ပါနဲ့တဲ့။ တစ်လုံးမှ ခေါင်းထဲဝင်လာမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

“လူတွေက “ဝဲ’တို့၊ “Masks တို့ထက် ပိုကောင်းတဲ့သီချင်းတွေကို မျှော်လင့်ထားမှာပေါ့နော်။ အားမရတဲ့ပရိသတ်လည်း ရှိကောင်းရှိလိမ့် မယ်။ သြော်…အသစ်အဆန်းလေးလုပ်ထားပါလားဆိုပြီးတော့ တွေးတဲ့ပရိသတ်လည်း ရှိကောင်း ရှိလိမ့်မယ်။ ဒီအထဲမှာ Collection ပုံစံလေးလုပ်ထားတဲ့အတွက်ကြောင့် ရင်တော့ ခုန်နေပါတယ်။ အဆိုးဆုံးလည်း မျှော်လင့်ထားသလို အကောင်းဆုံးတွေကိုလည်း ကြားချင်ပါတယ်”လို့ Mary က ပြောပါတယ်။ ပထမဆုံးအခွေဖြစ်သလို အနုပညာလောကနဲ့လည်း စိမ်းနေသေးတယ်။ ဂျပန်မှာ ကျောင်းတက်နေသူလေးဖြစ်တဲ့အတွက် တစ်စုံတစ်ရာအမှားအယွင်းလေးတွေရှိရင်လည်း နားလည် ပေးစေချင်ကြောင်း Mary က ဆက်လက်ပြောပါတယ်။

“မယ်ရီအများကြီးလိုအပ်တယ်။ အဓိက မယ်ရီအနုပညာလောကထဲကို ဝင်ရောက်လာကတည်းက တစ်ယောက်တည်းပဲ ရောက်လာတယ်။ ဘယ်မှာ စတူဒီယိုသွင်းမယ်၊ ဘယ်သူနဲ့တီးမယ်၊ ဘယ်သူနဲ့ Mixing လုပ်မယ်၊ အခွေကဘယ် Production ကနေ ဖြန့်ရတယ်။ အဲဒီလိုမျိုးကအစပေါ့။ တစ်ယောက်တည်း ဟိုလူ့မေး၊ ဒီလူ့မေးနဲ့ဆိုတော့ အများကြီးလိုအပ်ချက်တွေရှိသွားတယ်။ ဒါပေမဲ့ မယ်ရီ ဒီ့ထက်အချိန်မကြာချင်တဲ့အတွက် နည်းနည်း လေး လောလိုက်တဲ့အပိုင်းလေးတွေရှိတယ်။ တစ်နှစ်ကြာသွားတယ်ဆိုတာလည်း ဂျပန်မှာ ကျောင်း ပြန်တက်နေလို့ပါ။ အားရမှုကတော့ ဒီ့ထက်ပို လုပ်နိုင်တယ်။ ကိုယ်ကိုယ်တိုင်သိတယ်။ ဒီ့ထက် ပိုလုပ်နိုင်တယ်။ ဒီ့ထက်ကောင်းအောင်လုပ်နိုင်တယ်ဆိုတာတော့သိတယ်။ ဒါပေမဲ့ မယ်ရီ အကောင်း ဆုံး ကြိုးစားထားတယ်။ မှားတာရှိရင်လည်း မယ်ရီ့ကို ဝေဖန် ပါ။ ဒါပေမဲ့ တစ်ဖက်မှာမယ်ရီရဲ့ ပထမဦးဆုံး အခွေလေးဖြစ်နေလို့ နားလည်ခွင့်လွှတ်ပေးစေချင် ပါတယ်’ လို့ Mary ကပြောပြခဲ့ပါ တယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here