မေတ္တာအိမ်က တိမ်ပြိုသော စံသစ္စာ…

0
189

အဲ့ဒီ နေ့က ပြိုကျသွားတဲ့
တိမ်တွေထဲမှာ
မေမေ့မျက်ရည်တွေများစွာနေခဲ့မှန်း
ကိုယ်တို့မခန့်မှန်းတတ်ခဲ့ဘူး။

အမှောင်တွေက ဟူးဟူးရားရား ပိတ်ဖုံးလို့
ကောင်းကင်တစ်ခုလုံး
သန်းခေါင်ကိုကူးပြောင်းချိန်မှာပဲ
ဖေကြီးဟာ တိတ်တဆိတ် ခွဲခွာသွားခဲ့တာ
မေမေ့အတွက်
ကောင်းကင်တစ်ခုလုံးပြိုသက်သွားခဲ့ပေမယ့်လို့
ကိုယ်တို့အတွက်တော့ ကမ္ဘာတစ်ခြမ်း လင်းလက်ဖို့
မေမေဟာသူမရဲ့ မေတ္တာတွေများစွာ
နှစ်အတန်ကြာအောင်
လုံလုံလောက်လောက် ရွာချပေးနေခဲ့သေးရဲ့
ခုဆို မေမေလည်း ခွဲခွာခဲ့တာကြာခဲ့ပြီ။

နှစ်တွေဘယ်လောက်ချီချီ
ရာသီတွေ ဘယ်လိုပြောင်းပြောင်း
အသက်တွေ တစ်နှစ်ပြီး
တစ်နှစ်ပေါင်းထည့်လာခဲ့တာတောင်
ရစ်နှာင်ထားတဲ့ မေမေ့ရဲ့မေတ္တာ အိုးလေးတွေ
တစ်ခါကနွေးထွေးခဲ့ဖူးတဲ့
မေမေ့ရဲ့ အိမ်လေးကို ငတ်မွတ်နေတုန်းပဲ
ဒီ ကဗျာကို မေမေ ဖတ်ရကောင်းစေလို့
တောင်းဆုမပြုပါဘူး မေမေ။
မေမေမြင်နိုင်ရင် ချစ်ခင်သနား
စိတ်ဒုက္ခများမှာ သစ္စာ မလိုလားလို့ပါ
ကောင်းကင်က ကြယ်တွေ
တမြူးမြူးလက်လင်း နေတာ ကြည့်ပြီးလည်း
ကလေးတစ်ယောက်လိုအတွေးနဲ့
ရေတွက်နေချင်ပါသေးတယ် မေမေ။
အမေ့ရဲ့ ခြေရာလေးများပြန်တွေ့ရလိမ့်နိုးနိုးနဲ့ပါ
တကယ်ဆို
တိမ်တွေပြိုရာ လိုက်ကြည့်ပီး
ငိုတက်တဲ့ ကလေးလေးအရွယ်မှ မဟုတ်တော့တာ
ပြန်မလာနိုင်တော့မှန်းသိတဲ့
အတိတ်တွေ လည်ပြန်ကြည့်ရင်းလည်း
ရင်ကွဲပက်လက်နာကျင် နင့်ဆို့လို့ မဆုံးနိုင်သေးဘူး
ခုထိ
ငိုချင်ပြင်းပြ ရှိလှပါရဲ့
ပြိုကျသွားတဲ့ တိမ်တွေထဲက အိမ်လေးပါမေမေ
သစ္စာ ငတ်မွတ်နေပါတယ်။ ။

စံသစ္စာ(သွေးဝေး)


LEAVE A REPLY

Please enter your comment!
Please enter your name here