ပခုက္ကူဟိုတယ် ရိုးမဖောင်ဒေးရှင်းမှ ပခုက္ကူမြို့နယ်အတွင်း ဂုဏ်ထူးရှင် ကျောင်းသားများအား ဂုဏ်ပြု ဆုနှင်းသဘင်ကျင်းပ

0
169

ပခုက္ကူမြို့နယ်လုံးဆိုင်ရာ ထူးချွန်ကျောင်းသူ ကျောင်းသားများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲနှင့် ယူ ၁၄ မြို့နယ် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ၂၅ ရက် ညနေ ၃ နာရီအချိန်က ပခုက္ကူမြို့ခရိုင် အားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆုချီးမြှင့်ပွဲ အခမ်းအနား တွင် ၄ ဘာသာဂုဏ်ထူးရှင်၂ဝ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၈ ဦး၊ ၆ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ထူးချွန် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃ဝ ဦးတို့ကို ပခုက္ကူဟိုတယ် ရိုးမဖောင်ဒေးရှင်းမှ ဂုဏ်ထူးတစ်ဘာသာလျှင် ဂုဏ်ပြုဆုငွေ ၁ သောင်း ကျပ်စီအပြင် ဂုဏ်ပြုလက်မှတ် ရွှေ၊ ငွေ၊ ကြေးတံဆိပ်များ ဆုချီးမြှင့် ပေးအပ်ခဲ့သည်။

”၁ ဘာသာနဲ့ ၂ ဘာသာဂုဏ်ထူးရှင်တွေကိုတော့ ဆုမချီးမြှင့်နိုင်ခဲ့ပါဘူး။ ၆ ဘာသာဂုဏ်ထူးရှင် ၂ ဦး ကိုတော့ ကျပ် ၄ သိန်းခွဲတန် လက်ပ်တော့ ၁ လုံးစီ ထပ်ဆောင်းချီးမြှင့်ခဲ့ပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဆုချီးမြင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပိုက်ကို၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဌေး၊ အလှူရှင် ဦးနန်းလှိုင်၊ ဒေါ်ဝါဝါကျော်တို့ တက်ရောက်ပြီး ဆုများ ချီးမြှင့်ခဲ့သည်။

”မြို့နယ်အတွင်း ၆ ဘာသာ၊ ၅ ဘာသာ၊ ၄ ဘာသာဂုဏ်ထူးရှင်တွေ များများပေါ် ထွက်အောင် ပြုလုပ်ပေးတာပါ”ဟု အလှူရှင်က ပြောသည်။ ထို့နောက် ယူ ၁၄ ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ၊ ဆရာမများလည်း စုံစုံလင်လင် လာရောက်ခဲ့ကြပြီး အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်နန်းဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here