ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဆင်းရဲနွမ်းပါးတဲ့ အဘိုးနဲ့အဘွားကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ စိုးညီအစ်မများ

0
329

ပြည်သူလူထုတွေထဲက ဒုက္ခရောက်နေကြသူတွေဆီကို အပင်ပန်းခံသွားရောက်ပြီး အိမ်ထောင်စုအလှူတွေလုပ်လေ့ရှိတဲ့ ခိုင်နှင်းဝေက ဒီတခေါက်မှာတော့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်၊ စိုးပြည့်သဇင်တို့ ညီအစ်မတွေနဲ့အတူ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃ရပ်ကွက်ရှိ အသက် ၇၃နှစ်အရွယ် အဘိုး၊ အဘွား နဲ့ အသက် ၁၀၃နှစ်အရွယ် အဘွားတို့ကို ဒီဇင်ဘာ ၅ရက်နေ့ မနက်ပိုင်းက သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ စိုးညီအစ်မများနဲ့ ခိုင်နှင်းဝေတို့က အသက် ၇၃နှစ်အရွယ် အဘိုးအဘွားလင်မယားနေထိုင်ရာ နေအိမ်ထိ အပင်ပန်းခံကာ အိမ်ထောင်စုတစ်စုအတွက် လိုအပ်တဲ့ပစ္စည်းများ စုစုပေါင်း ၈သိန်းဖိုးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြတာပါ။ စိုးညီအစ်မတွေရဲ့ အလှူနဲ့ပတ်သက်ပြီး ခိုင်နှင်းဝေက….

“အိမ်ထောင်စု နှစ်စုမှာ တစ်စုက အဘိုးနဲ့ အဘွားလင်မယားနှစ်ယောက်ရှိတယ်။ အဘိုးက ဘာမှမလုပ်နိုင်ဘူး။ အဘွားကပဲ ရှာကျွေးနေတာဆိုတော့ အသီးရောင်းတတ်တယ်တဲ့။ အသီးတွေ တွန်းလှည်းနဲ့ရောင်းဖို့ ထူထောင်ပေးပါမယ်။ နောက်အဘွားတစ်ယောက်ကတော့ အသက် ၁၀၃နှစ်ရှိပြီ။ အဲဒီအဘွားအတွက်လဲလှူဒါန်းပါတယ်။ အနုပညာသမားတွေအခုလို ကိုယ်တိုင်လာလှူနိုင်တာ တအားကောင်းပါတယ်။ အဲဒီလိုပဲဖြစ်စေချင်တယ်လေ။  ပြည်သူလူထုတွေက ကိုယ့်အနုပညာရှင်တွေကို အားပေးခဲ့ကြတာလေ။ ဒီနေ့ဆို တော်တော်လမ်းလျှောက်ဝင်ရတယ်။ ပင်ပန်းတယ်” လို့ပြောပါတယ်။

အခုလို လာရောက်လှူဒါန်းကြတဲ့အတွက် အဘိုးနဲ့အဘွားက မျက်ရည်မဆယ်နိုင်အောင် ၀မ်းသာပီတိဖြစ်ခဲ့ကြသလို အောင်မြင်မှုတွေဒီ့ထက်ပိုမိုပိုင်ဆိုင်နိုင်ကြပြီး ကျန်းမာချမ်းသာကြစေဖို့လဲ ဆုတောင်းစကားတွေ ဆိုခဲ့ပါတယ်။ အခုလိုမျိုး အဘိုးနဲ့အဘွားကို ကိုယ်တိုင်လာလှူဒါန်းတဲ့ အပေါ်မှာလည်း ပီတိဖြစ်ရတယ်လို့ ဆိုတဲ့ စိုးမြတ်သူဇာက….

“မခိုင်နှင်းဝေဒီအလုပ်တွေလုပ်နေတာ မကြီးတို့လဲ တွေ့ပါတယ်။ ဖေ့ဘုတ်ပေါ်မှာလဲ တင်ထားတာတွေ့တော့ မကြီးလဲ ကြည့်နေတာ။ သူလုပ်နေတဲ့အလုပ်တွေက တကယ်လဲ မွန်မြတ်တယ်။ တကယ်လဲ ကောင်းမွန်တယ်။ လူတွေနဲ့လဲ ပိုနီးစပ်တယ်ပေါ့။ သူလုပ်တဲ့အလုပ်လေးကိုသဘောကျလို့ မကြီးလဲ ၀ိုင်းဝန်းပြီးပံ့ပိုးပေးတဲ့သဘောပါပဲ။ အခုလိုလှူမယ်ဆိုကတည်းက စိတ်ကလည်း တွေးထားပြီးသားပါ။  ကိုယ်တိုင်ကိုယ်ကျသွားနိုင်မှ သွားမယ်ဆိုပြီး စဉ်းစားပြီးသား။ ညီအစ်မ ၄ယောက်တော်တော်အချိန်ယူရတယ်။ အားလုံးအားနိုင်မယ့် ရက်ရမှ လာလှူလိုက်တာပါ။” လို့ပြောပါတယ်။

စိုးညီအစ်မများအနေနဲ့ မင်းသမီးပိုးထည်တိုက်ကိုလည်း ဖွင့်လှစ်ထားပြီး အခုလို ပရဟိတအလှူအတန်းတွေကိုလည်းညီအစ်မ ၄ယောက် အခွင့်အရေးရရင်ရသလို ပြုလုပ်သွားမှာဖြစ်ကြောင်း စိုးမြတ်သူဇာကပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here