မေတ္တာတရားတွေနဲ့ ဘ၀ခရီးဆက်နေတဲ့ သက်မွန်မြင့်တို့ဇနီးမောင်နှံ

0
893

ကိုစစ်နိုင်နဲ့ သရုပ်ဆောင်သက်မွန်မြင့်တို့ရဲ့ မိသားစုဘ၀လေးက မေတ္တာတရားတွေအပြည့်နဲ့ တည်ဆောက်ထားကြပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် မိသားစုတာဝန်တွေ အများကြီးမယူနိုင်တာကိုလည်း ခင်ပွန်းဖြစ်သူက နားလည်ပေးထားတယ်လို့ ဆိုတဲ့ သက်မွန်မြင့်က…

“အများကြီးတော့ ကိုယ်လဲ မလုပ်ပေးနိုင်ဘူး။ အနုပညာအလုပ်ဆိုတာ အချိန်လဲ အများကြီးယူရတယ်။ ရှုတင်မှာရှိရင်တော့ လုံးဝ ကိုယ်က ပျောက်သွားပြီပေါ့။ ရှုတင်မရှိတဲ့အချိန်ကျတော့လဲ ကိုယ်က ပြင်ဆင်ရတာများတော့ သူကအများကြီး ပိုပြီးတော့ နားလည်ပေးရတာပေါ့။ ကလေးတွေကိစ္စကျတော့လဲ ကလေးနှစ်ယောက်ဆိုတော့ သူတို့ကို ပိုပြီးဦးစားပေးဖြစ်တယ်။ သူ့အတွက်အချိန်တော့နည်းသွားတာပေါ့။ ဒါပေမဲ့သူလဲ နားလည်ပေးတယ်။ တစ်ယောက်နဲ့တစ်ယောက်ဒီလိုပဲ မေတ္တာထားကြတယ်။ နားလည်ပေးကြတယ်။ အတူတူဘ၀ကိုဖြတ်သန်းကြတယ်။ တစ်ယောက်ကိုတစ်ယောက် ပျော်ရွှင်အောင်ထားတယ်။ ဒါကလည်း အဓိကလို့ ထင်ပါတယ်။ အလုပ်တွေပင်ပန်းပြီး pressure တွေ များပြီးတော့ တစ်ယောက်နဲ့တစ်ယောက်စိတ်ချမ်းသာအောင် မထားနိုင်ဘူးဆိုရင် အိမ်ထောင်ရေးက သာယာမှာမဟုတ်ဘူး။” လို့ ပြောပါတယ်။ အနုပညာအလုပ်တစ်ဖက် နဲ့ မိသားစုတွေကိုလည်း အချိန်ပေးနေတဲ့ သက်မွန်မြင့်က သူ့ရဲ့စိတ်ဓာတ်ကိုလည်း ခိုင်မာအောင်ကြိုးစားနေသူပါ။ ဘာကိုပဲလုပ်လုပ်အရာရာကို အောင်မြင်ချင်တဲ့စိတ်နဲ့ ကြိုးစားနေတဲ့ သက်မွန်မြင့်က…. “အဓိကစိတ်ကိုထားတတ်အောင် အရင်ဆုံးလုပ်ရတယ်။ သူတို့ကို ပိုပြီး သံယောဇဉ်တွယ်လာတယ်။ သူတို့နဲ့ပိုပြီး နေချင်တဲ့အချိန်တွေများလာတဲ့အခါကျရင် အနုပညာဘက်မှာ လျော့သွားတာတွေ ဖြစ်လာတတ်တယ်။ စိတ်ကအစပေါ့။ ရှုတင်မှာရှိရင် နောက်ဆံတင်းရတာတွေရှိတယ်။ အဲဒါကြောင့် စိတ်ကိုထားတတ်အောင် အရင်ဆုံးပြင်တယ်။ သူတို့ကိုလဲ ချစ်တယ် သူတို့ကိုလဲ မေတ္တာထားတယ်။ အမေက သူတို့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သူတို့သိအောင်လဲနေရတယ်။ ဒီဘက်အနုပညာပိုင်းမှာလဲ ကိုယ်က မိသားစုနဲ့ဖြစ်နေလို့၊ အလုပ်တွေရှုပ်နေလို့ အနုပညာပိုင်းမှာ လျှော့သွားတယ်ဆိုတာမျိုးမဖြစ်အောင် သတိထားရတယ်။ စိတ်တော့တော်တော်ပြင်ဆင်ပြီး ကိုယ့်ကိုယ့်ကိုယ် strong ဖြစ်အောင်နေရတယ်။ အကုန်လုံးကိုလည်း အဆင်ပြေချင်တယ်။ အောင်မြင်ချင်တယ် ဆိုတော့ နည်းနည်းတော့ခက်တာပေါ့။ အချိန်ပေးရတာကအစ၊ စိတ်တွေကအစ အများကြီးပြင်ဆင်ရပါတယ်။” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here