Miss Supranational 2018 ပြိုင်ပွဲမှာ Top25 အထိ ဝင်ရောက်ခဲ့တဲ့ အလှမယ် ရွှေအိမ်စည်

0
252

ပိုလန်နိုင်ငံမှာ ကျင်းပတဲ့ Miss Supranational 2018 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအလှမယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အလှမယ် ရွှေအိမ်စည်က ဆုတွေနဲ့ လွဲချော်ခဲ့ရပြီး Top 25 ထဲသာ ဝင်ခဲ့ပါတယ်။ အလှမယ်ရွှေအိမ်စည်ကိုတော့ နိုင်ငံတကာ စင်မြင့်ထက်မှာ ဆုတွေနဲ့မြင်တွေ့ရဖို့ ပရိသတ်တွေ မျှော်လင့်ထားခဲ့ကြတာပါ။ ပြိုင်ပွဲဝင်ကာလအတွင်းမှာလည်း မြန်မာပရိသတ်တွေရဲ့ Voting ပေး အားပေးမှုတွေကြောင့် ထိပ်ဆုံးက ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။ ဖိုင်နယ်ပြိုင်ပွဲကို ဒီဇင်ဘာ ၇ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး ရွှေအိမ်စည်ဝတ် ဆင်မယ့် ညနေခင်းဝတ်စုံကို Organization ဘက်က ယူလာမယ်လို့ စီစဉ်ထားပေမယ့် ဒီခရီးကို မလာ ဖြစ်တော့တာကြောင့် ပြိုင်ပွဲအတွက် အဆင်မပြေမှုတွေ ဖြစ်သွားခဲ့ပါတယ်။ အခုလိုအဆင်မပြေမှုတွေ ဖြစ်သွားတဲ့အတွက် ပရိသတ်တွေကို တောင်းပန်ကြောင်း Miss Golden Land Myanmar Organization ရဲ့ Founder & CEO ဖြစ်သူ ကို ဟန်ဇော်လတ်က . . .

”Organization အနေနဲ့က ကျွန်တော်တို့လုပ်ဆောင်ပေးရမယ့် တာဝန်တွေ၊ တာဝန်ခံပေးရမယ့် အရာတွေကို ပံ့ပိုးပေးနေပါတယ်။ တစ်ခုပဲ လွန်ခဲ့တဲ့ ငါးလ Winner ဖြစ်ပြီး ကတည်းက အိမ်စည်က နာမည်လည်း ကြီးပြီးသားဖြစ်တယ်။ သူ့အနေနဲ့ ဒီဇိုင်နာတွေနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိပြီးသား စပွန်ဆာပေးချင်တဲ့ ဒီဇိုင်နာတွေကလည်း အများကြီးရှိပြီးသားပါ။ သူ့စိတ်ကြိုက်ရွေးချယ်ပြီး ဖန်တီးမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဆီက စီစဉ်ပေးစရာမလိုဘူးလို့ လွန်ခဲ့တဲ့ ငါးလထဲက ပြောထားပြီးသားပါ။ ကျွန်တော်တို့ကလည်း ဒါကိုယုံကြည်ပြီး စိတ်ချနေခဲ့ပါတယ်။ ဒီအတိုင်းလည်း သူစီစဉ်သွားပါတယ်။ ဖိုင်နယ်မှာ ဝတ်မယ့်ဝတ်စုံ တစ်စုံချန်ခဲ့တယ်။ ကျွန်တော်တို့လာရင် ယူလာပေးပါ ဆိုပြီး ပြောတယ်။ ကျွန်တော်တို့ကလည်း အစကတည်းက တကယ်သွားဖို့ အစီအစဉ်လုပ်ပြီးသားပါ။ ဗီဇာလည်း လျှောက်ပြီးသားပါ။ လေယာဉ် လက်မှတ်လည်း ဝယ်ပြီးသားပါ။ အကြောင်း တိုက်ဆိုင်ချင်တော့ ဒီမှာရှိတဲ့ ကျွန်တော်တို့ရဲ့ကလေး အယောက် ၁ဝဝဝ ပရဟိတပရိုဂရမ် တစ်ခုက ပေါ်လာတယ်။ ဒါ့အပြင် အရေးကြီးတဲ့ ပြည်ပ ပရိုဂရမ်တစ်ခု ကလည်း ပေါ်လာတော့ အိမ်စည့်ဆီကို မသွားနိုင်ဘူး။ အိမ်စည့်အနေနဲ့ကလည်း ကျန်ခဲ့တဲ့ တစ်စုံအပေါ်မှာ အများကြီးမျှော်လင့်ပြီး ရစေချင်တာ မှန်ပေမယ့် Organization အနေနဲ့ ကလည်း ဒီတစ်စုံကို မပို့ပေးနိုင်တဲ့ အတွက် အနူးအညွတ် မေတ္တာရပ်ခံပါတယ်။ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်” လို့ပြောပါတယ်။ Miss Supranational 2018 winner ဆုကို ပေါ်တိုရီကို အလှမယ်ကလည်းကောင်း၊ 1st Runner-Up ဆုကို အမေရိကန် အလှမယ်ကလည်းကောင်း၊ 2nd Runner-Up ကို ပိုလန်အလှမယ်က လည်းကောင်း အသီးသီး ရရှိသွားခဲ့ပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here