မြန်မာ့ရုပ်ရှင်ဇာတ်လမ်းကောင်းတွေကို ပရိသတ်တွေအင်နဲ့အားနဲ့ အားပေးလာကြပြီ နေမင်း

0
423

ရန်သူရုပ်ရှင်ဇာတ်ကားက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းပုံစံမျိုးဖြစ်ပြီး ဒီဇာတ်ကားထဲက ကာရိုက်တာမျိုးကို သရုပ်မဆောင်ဖူးတဲ့ နေမင်းအတွက် စရိုက်တည်းကနေ ရုံတင်ပြသတဲ့အချိန်အထိ စိုးရိမ်မှုတွေပိုများစေပါတယ်။ အချစ်ဇာတ်ကားတွေ ရိုက်ကူးတာနည်းတဲ့ နေမင်းက မိန်းကလေးနှစ်ယောက်လွန်ဆွဲတဲ့ကြားထဲမှာ သူ့ရဲ့ အိုက်တင် တွေ ပိုသွားမလားလိုသွားမလားဆိုတာကို စိုးရိမ်စိတ်တွေဖြစ်နေသူပါ။

“ဘ၀မှာ အစိုးရိမ်ဆုံးဇာတ်ကားပဲ။ စပြီးတော့ အပွင့်တွေ ၀တ်ရတယ်ဆိုကတည်းက ကျွန်တော်မဟုတ်တဲ့စိတ်ကြီး ဖြစ်နေတယ်။ လုပ်ရတဲ့ အိုက်တင်တွေအကုန်လုံးမှာလဲ ကိုယ့်ကိုယ်ကိုယ် ဟုတ်လားမှန်လားဆိုတာ သေချာတိတိကျကျ ဆုံးဖြတ်လို့မရဘူးဖြစ်နေတယ်။ မိန်းကလေးနှစ်ယောက်လွန်ဆွဲတဲ့ ကြားထဲမှာ ကျွန်တော်လိုက်ဖြည့် ကာရတာဖြစ်တဲ့အတွက် ရုံပေါ်ရောက်တော့မှပဲ ငါမှန်လားမှားလားကြည့်တော့မယ် ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ လာကြည့်တာပါ။ လာကြည့်တော့လဲ ကိုယ့်ကိုယ်ကိုယ်တော့ မဆိုးဘူးလို့ ဆုံးဖြတ်မိတယ်။ ပရိသတ်က တကယ်သက်ထင်ညိုအဖြစ် လက်ခံပေးမယ်ဆိုရင် ကျေနပ်တယ်။ ရင်ခုန်ရကျိုးနပ်တယ်လို့ ခံစားမိတယ်။” လို့ စိုးရိမ်မှုတွေနဲ့ပတ်သက်ပြီး နေမင်းကပြောပါတယ်။ ဒီဇာတ်ကားမှာတွဲဖက်သရုပ်ဆောင်တဲ့ မင်းသမီးနှစ်ယောက်ရဲ့ အိုက်တင်တွေကလည်း ပီပြင်နေကြပါတယ်။ မင်းသမီးနှစ်ယောက်ရဲ့ အိုက်တင်အပေါ်သူ့ရဲ့အမြင်ကိုတော့ နေမင်းက…

“ကစ်ကစ်ကတော့ tomboy လုပ်သွားတဲ့ ကာရိုက်တာနဲ့ အချိန်းအပြောင်းလဲ တအားမိုက်တယ်။ ကစ်ကစ်လုပ်သွားတဲ့အိုက်တင်ပေါ်မှာ နေခြည်ဦးကလည်း သူ့ဟာနဲ့သူ လိုက်လုပ်နိုင်တယ်။ အသစ်တစ်ယောက်အနေနဲ့ တော်တယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ခုသူ့မှာထူးခြားတာ အသံပေါ့။ ကျွန်တော်သိသလောက်ပေါ့။ သရုပ်ဆောင်တစ်ယောက်မှာ အသံနဲ့ မျက်လုံးနဲ့က အဓိကပဲ။ သူ့မှာ အသံတအားကောင်းတယ်။ လေပြေနုသွေးဇာတ်ရုပ်က အသံကပဲ ဆွဲဆောင်မှု ပိုရှိသွားတယ်။” လို့ပြောပါတယ်။  လတ်တလောမှာ နေမင်းကတော့ ဇာတ်ကားတွေမရိုက်ဖြစ်ဘဲ စီးပွားရေးအနေနဲ့ အစ်ကိုဖြစ်သူရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေလုပ်ဖြစ်နေပါတယ်။ အခုအချိန်မှာ မြန်မာဇာတ်လမ်းကောင်းတွေကို ပရိသတ်တွေအင်နဲ့အားနဲ့ အားပေးမှုပိုများနေတဲ့အတွက် ကိုယ်လုပ်ချင်တဲ့ ဇာတ်လမ်းပုံစံတွေရိုက်ကူးသွားဖို့လဲ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here