ရုပ်ရှင်လောက လွတ်လပ် တိုးတက်မှုတွေ ရှိလာတဲ့ ဒီလိုခေတ် အခြေအနေမှာ ခင်ပွန်းဖြစ်သူ ဒွေးကို ရှိစေချင်တယ်လို့ ဇနီးဖြစ်သူမမိုးမိုးက ပြောပါတယ်။ ဒီအချိန်မှာသာ ဒွေးရှိနေမယ်ဆိုရင် အရင်ကာလတွေက လုပ်ပြခွင့် ရိုက်ပြခွင့် မရခဲ့တဲ့ ဇာတ်ကားမျိုးတွေ လုပ်ပြခွင့်ရနေမှာလို့ သူကဆိုပြန်ပါတယ်။
”အခုခေတ်က နည်းနည်းလေး လွတ်လပ်သလားလို့လေ။ ဒီခေတ်က လုပ်ရတာနည်းနည်း ချောင်တယ်လို့ မြင်တယ်။ ဒါကြောင့်ကိုသားကြီးကို ရှိစေချင်တယ်။ သူလုပ်ချင်တာတွေ အများကြီး လုပ်လို့ရတော့မှာလေ။ ရှိရင်လည်း ဒီအချိန်မှာတော့သူက အဖေခန်းလောက်တော့ ရောက်ရင် ရောက်သွားတော့မှာပေါ့လေ။ ဘာကြောင့်လည်းဆိုတော့ အခုကလေးတွေက တအားငယ်ကြတယ်လေ။ ဒါပေမဲ့  သူတို့ ဖြစ်သွားတဲ့ အချိန်တုန်းက ဦးကျော်ဟိန်းဖြစ်သွား သလိုမျိုးတော့ ဖြစ်သွားမှာပေါ့” လို့ ကိုသားကြီးကို ရှိစေချင်တဲ့အကြောင်း မမိုးမိုးကပြောပြပါတယ်။
သားဖြစ်တဲ့ ယံမိုးကတော့ အနုပညာကို သိပ်ဝါသနာပါပုံမရကြောင်းလည်း သိရပါတယ်။ မမိုးမိုးအနေနဲ့ကတော့ ယံမိုး ဝါသနာ မပါရင်လည်း မလုပ်စေချင်သလို ဒီအနုပညာလောကက စိတ်ပင်ပန်းတယ်လို့ သူဆိုပြန်ပါတယ်။သမီးဖြစ်သူ ဆည်းလည်းကတော့ ဝါသနာပါတယ်လို့ သိရပါတယ်။
”ဝါသနာပါရင်တော့လည်း လုပ်ပေါ့လေ။ ဘာပံ့ပိုးပေးမလဲဆိုတော့ အခုအချိန်မှာပံ့ပိုးပေးဖို့ဆိုတာ မလွယ်ဘူး။ အစတုန်းက ကိုယ်က ဘယ်သူကိုပဲပံ့ပိုးပေးခဲ့ပေးခဲ့ ကိုယ့်ကလေးတွေ အခုအချိန်မှာ လုပ်ချင်တယ်ဆိုရင် ဘယ်သူမှပံ့ပိုးပေးမယ့် သူမရှိဘူး။ အဲဒီတော့ဒီလောကထဲကို ဘယ်သူ့ကိုမှ ဆွဲခေါ်ဖို့မစဉ်းစားဘူး။ အခုသမီးလုပ်ချင်တယ်။ ကိုယ်နဲ့နီးစပ်ရာကို ပြောကြည့်တယ်။ အဆင်မပြေဘူး။ တစ်ခါပြောတယ်၊ နှစ်ခါ ပြောတယ်၊ သုံးခါပြောတယ်။ ဒီ့ထက် ထပ်ပြောဖို့ မလိုအပ်ဘူးထင်လို့ ဘယ်သူ့ကိုမှ မပြောတော့ဘူး။ အဲဒီတော့ တစ်ခုတည်းပဲ ပြောထားတယ်။ သူများကူညီတာထက် ကိုယ့်လမ်း ကိုယ်ဖောက်ပြီး လျှောက်ရတာ ပိုတန်ဖိုးရှိတယ်လို့။ ကြီးကြီးတို့တုန်းကလည်း ကိုယ့်လမ်းကိယ်လျှောက်ပြီး ဖောက်ခဲ့ပေမယ့် ဦးကျော်ဟိန်းရှိတဲ့အတွက် နည်းနည်းလေး လွယ်တယ်ပေါ့နော်။ ဦးကျော်ရှိနေတဲ့ အတွက်ပေါ့လေ။ အခုကသူတို့က ဘယ်လိုပဲဖြစ်ဖြစ် ကိုသားကြီး မရှိဘူးလေ။ အန်တီမိုးပဲ ရှိနေတာလေ။ နှစ်ယောက် မတူနိုင်ဘူး။ သူတို့အတွက် တအား ခက်ခဲတယ်။ ဒီလောကထဲကိုဝင်ဖို့အတွက် ဘာ Support မှ မပေးနိုင်ဘူး။ ဝါသနာပါလာရင်ကိုယ့်ဘာသာ ကိုယ်ကြိုးစားပါ။ ပြောပြကြည့်ပြီးပြီး အဆင်မပြေဘူး။ ဘယ်သူ့ကိုမှလည်း အပြစ်မပြောဘူး။ ဒါကံတရားရဲ့ စီမံရာပဲ။ သူလည်း သူ့ရဲ့ ဘဝအခက်အခဲကို သူဖြတ်နိုင်ရင် သူပိုတန်ဖိုးရှိမယ်” လို့ သားနဲ့သမီးနဲ့ပတ်သက်လို့ မမိုးမိုးကပြောပြပါတယ်။ ဒွေးကွယ်လွန်တာကတော့ အခုဆိုရင် ၁၁နှစ် ကျော်ကာလထဲကို ရောက်ရှိနေပြီဖြစ်ပြီး ဇနီးဖြစ်သူမမိုးမိုးကတော့ နှစ်စဉ် အလှူတွေ ပြုလုပ်ပေးနေပါတယ်။
လင်းအက္ခရာ