နောင်တွင်ဥဒါန်းတွင်စေသတည်း ရုပ်ရှင်မှာ မြန်မာမှုနဲ့ ခေတ်ပေါ် ဂီတတွေ နှစ်မျိုးလုံး ခံစားရမယ်ဆိုတဲ့ ရွာစားစိန်မွတ္တား

0
305

နောင်တွင်ဥဒါန်းတွင် စေသတည်း ရုပ်ရှင်ကားမှာ သီချင်း ၇ ပုဒ်ပါဝင်ပြီး နောက်ခံတေးဂီတကို မြန်မာမှုဂီတနဲ့ ခေတ်ပေါ်တေးဂီတကို ပေါင်းစပ်ပြီး ခေတ်နှစ်ခေတ်ရဲ့ ဂီတသံနှစ်မျိုးကို ခံစားနားဆင်ရမယ်လို့ ဂီတမှူး အကယ်ဒမီရွာစားကြီး စိန်မွတ္တားက ပြောပါတယ်။

”ဒီဇင်ဘာ ၂၁ ရက်မှာ ရုံတင်တော့မယ့် နောင်တွင် ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ကားကြီးက ကျွန် တော်ရယ် ဆရာမောင်ယဉ်အောင်ရယ် ကောင်းနိုးရာရာတွေကို စုစည်းပြီးတော့ ပြင်ကာ ပြုကာ လုပ်ကာနဲ့ ၁၁ နှစ် ကြာခဲ့တယ်။ အခုမှ ရိုက်ဖြစ်တယ်။ ဒီဇာတ်ကားကြီးမှာ သီချင်း ၇ ပုဒ်ပါတယ်။ တစ်ပုဒ်က ကိုသော်ဒီ ဝေရေးတယ်။ ရှေးသီချင်း ၁ ပုဒ်ပါတယ်။ ကျွန်တော်သား နောင်နောင် (ယဉ်ကျေးမှုတက္ကသိုလ်) တစ်ပုဒ်ရေးတယ်။ ကျန်တဲ့ ၄ ပုဒ်က ကျွန်တော် ရေးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၃ဝ က ဇာတ်လမ်းနဲ့ အခုခေတ်ဇာတ်လမ်းနဲ့ နှစ်ခေတ်ခွဲထားတယ်။ အဲဒီလိုနှစ်ခေတ်ခွဲတဲ့အချိန်မှာ ကျွန်တော်တို့ တေးဂီတတွေကလည်း ပြောင်းရတော့တယ်။ လွန်ခဲ့တဲ့ နှစ် ၃ဝ က တေးဂီတသံက တစ်မျိုး၊ ဒီနေ့တေးဂီတကျတော့ ကျွန်တော်တို့ နည်းနည်း အလှမ်းဝေးသွားပြီ။ အဲ့ဒါကြောင့် ယဉ်ကျေးမှုတက္ကသိုလ်က ကိုနောင်နောင် သူ့ကိုလည်း ကျွန်တော် ဂီတမှူး တင်လိုက်ပါတယ်။ မြန်မာမှုကတော့ ကျွန်တော်ပေါ့။ မန္တလေးကို အခြေပြုတဲ့ ကားကြီးဖြစ်တဲ့အတွက် မန္တလေးဆိုင်းသံထွက်အောင် အဲ့ဒီခေတ်က မြို့ကျက် သရေဆောင်မြို့မ တူရိယာအသင်းကြီး အသံမျိုးထွက်အောင် ကြိုးစားရပါတယ်။ အဲဒီကနေ ဒီဖက်ခေတ်ရဲ့ အသံမျိုးဖြစ်အောင် ပြောင်းရတယ်။ ဂီတအားဖြင့် ထူးခြားချက်က ဘာလဲဆိုတော့ မြန်မာမှုနဲ့ ခေတ်ပေါ် အတော်လေး ရောကုန်တာတွေ ပါပါတယ်။ ဂီတအကူးအပြောင်းတွေကို ခဲခဲယဉ်းယဉ်း လုပ်ထားရတယ်”လို့ ရွာစားကြီးစိန်မွတ္တားက ပြောပါတယ်။

နောင်တွင် ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ကားက ”ကိုးဆယ်ဆ သာလိမ့်မယ်”ရုပ်ရှင်ကားလို ပရိသတ် အကြိုက်တွေ့နိုင်လားဆိုတာ ”ဒီဇာတ်ကားကို ဦးယဉ်အောင်လည်း အတော်လေးကြိုးစားထားတယ်။ ကျွန်တော်ကတော့ အားလုံးကို ဖိတ်ခေါ်ပါတယ် ဒီကားကို ကြည့်ဖြစ်အောင် ကြည့်ကြပါလို့။ ”ကိုးဆယ်ဆ သာလိမ့်မယ်”က အရသာတစ်မျိုး ဒီကားက အရသာတစ်မျိုး။ ဆရာဝန်တစ်ယောက်ရဲ့  သစ္စာတရား၊ မေတ္တာတရားတွေကို ဖော်ပြထားတယ်။ ပရိသတ်အကြိုက်တိုးမယ်လို့ မြင်ထားပါတယ်။ ဆရာဒေါက်တာ အောင်ကြီးလည်း ပြောထားပါတယ်။ မိမိလူ့ဘဝထဲ ရောက်မလာအောင် ပြုလုပ်ခဲ့တဲ့ သူကိုတောင် အတေးအညိုးမထားပဲ လူသားချင်းစာနာပြီး ဆရာဝန် တစ်ယောက်ရဲ့ သစ္စာကို ပြသွားတဲ့ကားဖြစ်တယ်”လို့ အကယ်ဒမီ ဂီတမှူးရွာစားကြီး စိန်မွတ္တားက ဆိုပါတယ်။

ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here