မန္တလေးဆေးတက္ကသိုလ်ဆင်းတွေ ကြည့်ကို ကြည့်ရမယ့် ရုပ်ရှင်အကြောင်း ပြောပြတဲ့ ဒေါက်တာအောင်ကြီး (အထွေထွေ ရောဂါ အထူးကု သမားတော်ကြီး)

0
375

မန္တလေးဆေးတက္ကသိုလ် ရွှေရတုအထိမ်းအမှတ်အဖြစ် ၂ဝဝ၄ ခုနှစ်က မန္တလေးမြို့၊ အမျိုးသား ဇာတ်ရုံမှာ ကပြခဲ့တဲ့ အကယ်ဒမီ ဒါရိုက်တာမောင်ယဉ်အောင်ရဲ့  ‘နောင်တွင် ဥဒါန်းတွင်စေသတည်း’ ပြဇာတ်ကို ဒီဇင်ဘာလ၂၁ ရက်မှာ ရုပ်ရှင်အဖြစ် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာပါတဲ့ ဆေးပညာ၊ ဆေးလောကနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အကြံပေးခဲ့တဲ့ ဆရာဝန်စာရေးဆရာ ဒေါက်တာအောင်ကြီး (အထွေထွေရောဂါ အထူးကုသမားတော်ကြီး) က မန္တလေးဆေးကျောင်းက ထွက်တဲ့သူတွေ အလွမ်းပြေကြည့်သင့်တဲ့ ဇာတ်ကားလို့ ဆိုပါတယ်။

”အခု ရုပ်ရှင်ကို ကြည့်ကို ကြည့်ရမယ်ဗျ။ မန္တလေး ဆေးကျောင်းက ထွက်တဲ့သူတွေ မဖြစ်မနေ ကြည့်ရမယ်ဗျ။ ဒါက ကျွန်တော်တို့ အလွမ်းပြေပဲ။ မန္တလေး ဆေးတက္ကသိုလ်မှာ ကျွန်တော်တို့ ကျန်ခဲ့တာက ဒီ ပြဇာတ်နဲ့ ကျွန်တော်တို့ လုပ်ခဲ့တဲ့ စာအုပ် အတွဲ (၁)၊ အတွဲ (၂) ပဲ ကျန်တယ်။ ဒါက ကျွန်တော်တို့ အတွက် အမွေပဲ။ ဒါကိုကြည့်တိုင်း ကျွန်တော်တို့ သတိရနေမှာ ပြောလို့ကို ပြီးမှာမဟုတ်ဘူး။ နောင်လာ နောက်သားတွေလည်း ပြလို့ရတယ်။ ပြဇာတ်မှာ သရုပ်ဆောင်တဲ့ ကလေးတွေလည်း အကုန်နီးပါးနိုင်ငံခြား ရောက်နေပြီ။ သူတို့လည်း ကြည့်ကြမှာပဲ” လို့ ပြောပါတယ်။

နောင်တွင်ဥဒါန်းတွင်စေတည်း ရုပ်ရှင်ကားမှာ ဆရာဝန်တွေရဲ့ ကျင့်ဝတ်သိက္ခာနဲ့ ပတ်သက်ပြီး အတု ယူစရာတွေပါတယ်လို့ ဒေါက်တာအောင်ကြီးက ပြောပြပါတယ်။

”ဆရာဝန်တွေရဲ့  ကျင့်ဝတ်သိက္ခာနဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန် ဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဒါကို ကြည့်ခြင်းအားဖြင့် မျိုးဆက်သစ်လူငယ်တွေရော ကျွန်တော်တို့လို မျိုးဆက်ဟောင်းတွေရော ပြန်ပြီးတော့ ဆရာဝန်ဆိုတာ ဒီလိုစိတ်မျိုး မွေးရတယ်။ ဒီလိုဆရာဝန်ကိုမှ ဆရာဝန်ခေါ်တာ သူ့လိုလူတွေ ရှိသေးပါလားဆိုပြီး စိတ်အားဖြစ်မယ်။ ဆရာဝန်ဆိုတာ ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ၊ ဘာသာတူသည်ဖြစ်စေ၊ ဘာသာမတူသည်ဖြစ်စေ၊ အမျိုးဂုဏ်နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ အတူတူ သဘောထားပြီး ကုရမှာပဲ။ ရောဂါကြီးရင် ကြီးသလို ကုရမှာပဲ။ ငယ်ရင် ငယ်သလို ကုရမှာပဲ။ ဒီဇာတ်လမ်းမှာ အဓိကပြသွားတာက ကိုယ့်ဘဝကို ပျက်စီးအောင် လုပ်ခဲ့သူကို ဘာမှ အတေးအမှတ် မထားဘဲနဲ့ အင်မတန်ကြီးမားတဲ့ စွန့်လွှတ်မှုနဲ့ သတ္တိနဲ့ လုပ်ကိုင်သွားတာ။ အင်မတန်မှ လူငယ်တွေအတွက်ရော လူကြီးတွေအတွက်ရော အတုခိုးစရာ လည်းဖြစ်ပါတယ်။ တကယ့်ကို စံပြစိတ်ဓာတ်ပဲ ခင်ဗျ။ ဇာတ်လမ်းက အင်မတန်မှ ခံစားလို့ကောင်းတဲ့ ဇာတ်ကားလို့ပဲ ကျွန်တော်ယူဆပါတယ်” လို့ပြောပါတယ်။

ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here