သူရိုက်ကူးနေတဲ့ ဇာတ်ကားကတော့ တပ်မတော်နေ့ဂုဏ်ပြုဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ခပ်ကြမ်းကြမ်း ဖိုက်တင်တွေရိုက်မလား။ မင်းသားလုပ်မလား၊ ဒါမှမဟုတ် လူဆိုးလုပ်ရမလား။ ဘယ်နေရာကမဆို ဒေါင်ကျကျ၊ ပြားကျကျ သရုပ်ဆောင်နိုင်တဲ့အထဲမှာ မင်းရာဇာပါတယ်။ အခုလည်း သူရိုက်ကူးနေတဲ့ဇာတ်ကားနဲ့ ပတ်သက်ပြီး မင်းရာဇာက…
“Navy Seal ဖြစ်တဲ့အတွက်ကို ရေထဲမှာနေရတယ်။ ပင်လယ်ထဲမှာဆိုတော့လေ။ ကျွန်တော်က ရေတော့ နည်းနည်းပါးပါးကူးတတ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကူးတတ်တဲ့ပုံစံက Navy Seal တပ်ကလူတွေနဲ့တွေ့တဲ့အခါကျတော့ ဖားကူးဆိုတော့ တပ်ကဆရာက ဘာပြောလဲဆိုတော့ တောဖားဖြစ်နေတယ်။ ဆိုတော့ အဆင်မပြေဘူး။ နောက်တစ်ခုက ကျွန်တော်က ရေကူးကန်ဘယ်လောက်နက်နက် ကူးရဲတယ်။ ပင်လယ်ထဲကျတော့ ပင်လယ်ကိုကြည့်ပြီးကို ရှိန်နေတာ။ အလကားနေ နစ်နစ်သွားတာကို ကြောက်တာ။ အဲဒီအတွက် ရေကူးကို တော်တော်လေးပြန်သင်ရတယ်။ ကျွန်တော်က Navy Seal မှာ တပ်ကြပ်ကြီးလုပ်ရတာပေါ့နော်။ တကယ့်ကို ကြမ်းတမ်းတဲ့နေရာကနေ သရုပ်ဆောင်ရမှာဆိုတော့ တော်တော်လေးပြင်ဆင်ထားပါတယ်’’ လို့ ပြောပါတယ်။ ဆက်လက်ပြီး မင်းရာဇာပြောပြတာက အနုပညာလောကမှာ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ လုပ်ပိုင်ခွင့်မရဘူးဆိုရင် အလကားပဲဆိုတာပါ။ သူလက်ရှိသရုပ်ဆောင်နေတဲ့ ဇာတ်ကားနဲ့ ချိန်ထိုးပြီးပြောပြသွားတာက…
“အခုကကျတော့ ဆင်တို့၊ မြင်းတို့ သက်ရှိတွေနဲ့ အလုပ်လုပ်ရတာပေါ့နော်။ အံဝင်ခွင်ကျဖြစ်ဖို့အတွက်ကို နည်းနည်းတော့ ဂရုစိုက်ရတယ်။ နောက်တစ်ခုက သူတို့သွားတဲ့ Movement ပေါ်မှာ ကိုယ်က Balance ဖြစ်အောင် ထိန်းရတာဆိုတော့ နည်းနည်း အန္တရာယ်တော့ရှိတာပေါ့။ နေရာကတော့ လူဆိုးနေနေ၊ လူကောင်းနေနေ ကိုယ်က အနုပညာသမားဖြစ်တဲ့အတွက်ကို နေရာမရွေးပါဘူး။ ကိုယ့်အတွက် လုပ်ပိုင်ခွင့်ကောင်းကောင်းရမယ်။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်လေးတွေပေါ်လွင်ပြီး ကြိုးစားခွင့်ရမယ်ဆိုရင် ဘယ်အရာမဆိုလုပ်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အနုပညာမှာ လှုပ်ရှားနေတဲ့နေရာမှာ လုပ်ပိုင်ခွင့်ရဖို့အတွက်ပဲ ကြိုးစားနေကြတာ။ အရည်အချင်းဘယ်လောက်ရှိရှိ၊ လုပ်ပိုင်ခွင့်မရဘူးဆိုရင် အားလုံးကအလဟဿပဲပေါ့” လို့ မင်းရာဇာကပြောပြခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ-မျိုးမောင်