အသက် ၅၂နှစ်ပြည့်မွေးနေ့မှာ အမေ့ခြေရာကို သိမ်းထားမယ့် ရန်အောင်

0
132

အကယ်ဒမီရန်အောင်ဟာ ဒီဇင်ဘာ၁၄ရက်နေ့ဆိုရင် ၅၂နှစ်ပြည့်သွားခဲ့ပါပြီ။ အမေချစ်တဲ့သားတစ်ဦးဖြစ်တဲ့ ရန်အောင်က မိခင်ကိုလဲ အခုအချိန်ထိ အမြဲစိတ်ချမ်းသာအောင်ထားသူပါ။ ဒီနှစ်သူ့မွေးနေ့မှာ မိခင်ခြေရာကို ယူပြီး တမြတ်တနိုးသိမ်းထားဖို့ စီစဉ်ထားပါတယ်။ မိခင်နဲ့ပတ်သက်တာမှန်သမျှကို တယုတယနဲ့ သိမ်းဆည်းထားလေ့ရှိတဲ့ ရန်အောင်က….

“အမေ့ခြေရာကိုယူဖို့ ကြံနေတာ တော်တော်လေး ကြာပါပြီ။ အရင်တုန်းကလည်း အမေ့ခြေရာကို ယူတဲ့နည်းတွေရှိတယ်လေ။ အမေ့ခြေရာကို ပလာစတာနဲု့ယူမှာပါ။ ကြာတော့ ပုံသွင်းလိုက်သလိုဖြစ်သွားတာပေါ့။ ကျွန်တော်က အမေနဲ့ပတ်သက်တာ ဆံပင်တို့၊ သွားတို့လဲ အကုန်ယူထားပါတယ်။” လို့ ပြောပါတယ်။

မွေးချင်းမောင်နှမ ၅ယောက်ရှိပေမယ့် ရန်အောင်က မိဘနှစ်ပါးစလုံးကို အနီးကပ်ပြုစုပြီး နေထိုင်သူပါ။ ဖခင်ဖြစ်သူကွယ်လွန်ပြီးနောက်ပိုင်း အသက် ၈၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိခင်ကြီးကို ပြုစုစောင့်ရှောက်ပေးနေသလို အနုပညာကြေးထဲက ၃ပုံ ၁ပုံကိုလည်း အမြဲကန်တော့လေ့ရှိပါတယ်။  အခုအချိန်မှာ အိမ်ထောင်မရှိဘဲ တကိုယ်တည်းလူပျိုကြီးဖြစ်နေတာ မိခင်ဖြစ်သူကြောင့်ရော ပါမလားဆိုတဲ့ မေးခွန်းကိုတော့ ရန်အောင်က….

“၆၀ရာခိုင်နှုန်းလောက်ပါပါတယ်။ အမေကအမြဲပြောတယ်။ ငါ့သားအိမ်ထောင်ပြုချင်လဲ ပြုပါတဲ့။ ဒါပေမဲ့ မိန်းမကိုမယူနဲ့ မယားကိုယူတဲ့။ မယားဆိုတာလင့်ဝတ္တရားကို လုပ်ပေးတဲ့ မယား။ မိန်းမဆိုတာ မိန်းမပဲ။ ကောင်းတာလဲ ရှိတယ်ပေါ့။ မယားဆိုတာကတော့ ဒီ့ထက်တဆင့်မြင့်သွားတယ်ပေါ့။ အမေကိုယ်တိုင်သာရှာပေး တော့လို့ဆိုတော့ ငါတော့မရှာပေးဘူးတဲ့။”လို့ မိခင်ရဲ့စကားတွေကို ရယ်မောစွာ ပြောပြခဲ့ပါတယ်။

ဒီနှစ်မွေးနေ့မှာတော့ ရန်အောင်က သူ့ရဲ့ပရိသတ်တွေနဲ့အတူ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရတနာရိပ်ငြိမ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ရှိတဲ့ မိဘမဲ့ကလေး အယောက် ၂၄၀စာ အတွက် ထီးများ၊ မုန့် နှင့် ရေခဲမုန့်များ၊ ထိုကျောင်းတိုက်အတွက် အ၀တ်လျှော်စက် ၁လုံး၊ သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေ ၃သိန်းကို လှူဒါန်းခဲ့ပါတယ်။ မွေးနေ့တိုင်းအလှူအတန်းတွေနဲ့ ဖြတ်သန်းလေ့ရှိပြီး အသက်ကြီးလာပြီဖြစ်တဲ့အတွက် သေခြင်းတရားကို သတိပြုမိဖို့နဲ့ ပြင်ဆင်မှုလေးတွေရှိဖို့အတွက် အတွေးလေးတွေဝင်မိတယ်လို့ ဆိုပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here