ဖြတ်ညှပ်ကပ်….

0
384

‘ဖြတ်၊ ညှပ်၊ ကပ်’ ဆိုသော အသုံးအနှုန်းသည် ရုပ်ရှင်လုပ်ငန်း တွင်ကား ကူးကားဆက် (ခေါ်) ဖလင်တည်းဖြတ်ခြင်း editing လုပ် ငန်းစဉ်ထဲမှ ပေါက်ဖွားလာခြင်းဟု ထင်ပါသည်။ လုပ်ငန်းသုံးအဓိပ္ပာယ် အားဖြင့် ဘာမျှပြောစရာမရှိ။ ရုပ်ရှင် ဖန်တီးထုတ်လုပ်ရာတွင် အရေးပါ သော လုပ်နည်းလုပ်ဟန်ဖြစ်၍ ရုပ် ရှင်ထူးချွန်ဆုရွေးချယ်ပေးအပ်ရာမှာ ပင် ‘အကောင်းဆုံးတည်းဖြတ်’ဆု အဖြစ် သီးသန့်သတ်မှတ်ထားသည်။ ကားကူးကားဆက်အနုပညာရှင်ကို ‘ဖလင်အယ်ဒီတာ’ဟု သမုတ်ပါ သည်။

စာပေအနုပညာဖန်တီးသူ စာ ရေးဆရာ၊ ကဗျာဆရာတို့တွင်လည်း ‘ဖြတ်၊ ညှပ်၊ ကပ်’ဆန်ဆန်အနုပညာ လုပ်ငန်းစဉ်များရှိကြသည်။ မိမိကိုယ် တိုင်ဖန်တီးလိုက်သည့် အနုပညာ လက်ရာအကြမ်းကို အချောသတ်ရာ တွင် မိမိမကြိုက်သော၊ မလိုအပ်ဟု ထင်ရသော အစိတ်အပိုင်းကို ဖြတ် တောက်ပစ်၊ ကွက်လပ်ဖြစ်သွားသော နေရာမှာ လိုအပ်သည်ဟုထင်ရသော အစိတ်အပိုင်းကို ကြားညှပ်ထိုးသွင်း ခြင်းသည် ‘ဖြတ်၊ ညှပ်’မည်သည်။ ‘ကပ်’က ဘာကိုဆိုသနည်း။ မလိုအပ် သောအစိတ်အပိုင်းကို ဖယ်ထုတ်၍ လိုအပ်သောအပိုင်းကို အသစ်ဖန်တီး ၍ ကော်ဖြင့်ကပ်သလို ကပ်လိုက်ခြင်း ပင်မဟုတ်ပါလော။ အို …အတော် ကလေးပေါ်လွင်ထင်ရှားလှပပြောင် မြောက်တဲ့ မော်ဒန်အသုံးအနှုံးပါက လား။

‘ဖြတ်၊ ညှပ်၊ ကပ်’ကား ဤမျှ ဖြင့် မပြီးသေးချေ။ မကောင်းသော အဓိပ္ပာယ် negative sense လည်း ရှိသေးသည်။

”ဒီဝတ္တုက ပင်ကိုယ်ရေးအစစ် အမှန်မဟုတ်ပါဘူးကွာ။ ဖြတ်ညှပ် ကပ်လုပ်ထားတာပါ”

”ဟိုတစ်ခါက လူကြိုက်များခဲ့တဲ့ ကိုရီးယားရုပ်ရှင် My Way ဆိုတဲ့ ကားဟာ ကြည့်လို့တော့ ကောင်းပါ ရဲ့။ ဒါပေမဲ့ ဖြတ်ညှပ်ကပ်အခန်းမျိုး တွေပါနေတော့ အပြစ်မကင်းဘူး”

အထက်ပါကဲ့သို့ ဝေဖန်သံမျိုး တွေ မိတ်ဆွေတို့ အများကြီးကြားဖူး ကြပါလိမ့်မည်။ မှန်ပါသည်။ စာပေ နှင့်အနုပညာတွင် ဖြတ်ညှပ်ကပ်နည်း ပညာတွေရှိခဲ့သည်က ကြာလှပါပ ကော။ အလွယ်ဆုံးပြောရလျှင် မြန် မာတို့၏ အစောဆုံးခေတ်ပေါ်ဝတ္တု ရှည်ဟု အထင်ကရဖြစ်နေသော ‘မောင်ရင်မောင် မမယ်မ’သည် စာ ရေးဆရာ ‘ဂျိမ်းလှကျော်’၏ ဖြတ်ညှပ် ကပ်အနုပညာပင်ဖြစ်သည်။ ဂျိမ်းလှ ကျော်သည် ..”အင်း …တစ်နေ့ ကျရင်တော့ နောင်လာနောင်သား တွေက ငါ့ဝတ္တုဟာ ပြင်သစ်စာရေး ဆရာ ဒူးမား A.Dumas ရဲ့ The Count of Monte Cristo ဝတ္တုကြီး ကို ဖြတ်ညှပ်ကပ်နည်းပညာ အသုံး ပြုထားတာပဲလို့ ကောက်ချက်ဆွဲကြ တော့မှာ”ဟုတော့ ကြိုတင်တွေးတော မိခဲ့ပုံမရပါ။

အထက်မှာ ပြောခဲ့သော ကိုရီး ယားရုပ်ရှင် My Way တွင် ဟောလီး ဝုဒ်မှ နာမည်ကျော်ရုပ်ရှင် Saving Private Ryam ထဲမှ ပြကွက်အချို့ ကို အတုယူ၍ ဖြတ်ညှပ်ကပ်ပြုလုပ် ထားကြောင်း ရုပ်ရှင်ဝါသနာအိုးများ သတိပြုမိကောင်းပြုမိကြပါလိမ့်မည်။ ”အိုး …ဖြတ်ညှပ်ကပ်လုပ်တာပဲ ကွာ။ ငရဲမကြီးပါဘူး။ Copy လုပ် တာ။ ခိုးချတာမှမဟုတ်ဘဲ”ဟု ဆင် ခြေပေးအံ့။ ကျွန်ုပ်ဘာမျှမတတ်နိုင် ပါ။

စကားစပ်မိ၍ ‘ညှပ်’လိုက်ရဦး တော့မည်။ အပ်ချုပ်ဆိုင်မှ အထည် ချုပ်လုပ်ရာတွင် ပိုလျှံသော ဖြတ်စ ညှပ်စအမျိုးစုံ။ အရောင်အသွေးမျိုး စုံကို သင့်တော်သလို ဆက်စပ်ချုပ် လုပ်ပြီးနောက် မိန်းကလေးငယ်များ ဝတ်ဆင်ရန် ဖန်တီးတတ်ကြပါသည်။ အရောင်အသွေးစုံလင်တောက်ပလှ သော အပိုင်းအစမျိုးစုံဖြင့် ဆက်စပ် ချုပ်လုပ်ထားသော ထဘီကလေးများ ကို ‘စပ်ထဘီ’ဟု ခေါ်ကြပြီး ကလေး မကလေးတစ်ယောက် ဝတ်ဆင်ထား လျှင် ‘ချစ်စရာ’ဖြစ်နေတတ်ပါသည်။ အရွယ်ရောက်ပြီး အပျိုကြီးတစ် ယောက်က ‘စပ်ထဘီ’ဝတ်ဆင်ထား လျှင်တော့ ကြည့်ရတာ တစ်မျိုးကြီး ဖြစ်ချင်ဖြစ်နေမည်။ ကျွန်ုပ်က ရင်း နှီးခင်မင်သော အပျိုကြီးတစ်ယောက် အား ခြိုးခြံချွေတာရေးရှေးရှုပြီး ‘စပ် ထဘီ’ဝတ်ဖို့ အကြံပြုပါသည်။

”အိုး …စပ်ထဘီဆိုတာ မိန်း ကလေးပေါက်စကလေးတွေနဲ့ပဲ လိုက်တာ လူကြီးဝတ်ရင် အရူးမနဲ့ တူတယ်ဆိုပြီး ဝိုင်းဟားကြမှာပေါ့”

ကျွန်ုပ်ဘာမျှဆက်မပြောနိုင် တော့ပါ။ ကျွန်ုပ်နားလည်လိုက်သည် မှာ …ဖြတ်ညှပ်ကပ်ပညာကို အနု ပညာမျက်စိဖြင့် မကြည့်တတ်သူက ၁ဝဝ မှာ ၉၉ ယောက်လောက်ရှိသည် ဟူ၍သာ။

ဖြတ်ညှပ်ကပ်ပညာကို ထင်ရှား စွာ သတိပြုနိုင်သောနေရာမှာ မော် ဒန်ပန်းချီလောကမှ အခင်းအကျင်း အနုပညာဖြစ်သည့် Installation လက်ရာများမှာဖြစ်သည်။ အသိပန်း ချီဆရာတစ်ယောက်က ဘီယာဗူးခွံ မျိုးစုံကို ပိန်ချိုင့်ပြားကပ်နေအောင် ထုရိုက်ပြီး ဆေးရောင်စုံဘုတ်ပြားကြီး တစ်ခုမှာ ကော်ဖြင့် ချိတ်ကပ်ပြသသည်။ ”ဘာကြီးလဲဟ၊ အာရုံနောက်လိုက် တာ၊ ဒါကိုများ …ပန်းချီကားတဲ့”

အနုပညာမခံစားတတ်သူ အူ တူတူ ငနဲတစ်ယောက်က ရှုံးမဲ့ပြီး မှတ်ချက်ပေးသွားပါသည်။ အူတူတူ ဆိုတော့လည်း ခွင့်လွှတ်ရမှာပေါ့။ ဖြတ်ညှပ်ကပ်နည်းပညာက ကျယ် ဝန်းလှပါသည်။

အင်း …စကားစပ်မိ၍ ‘စ ကားညှပ်’ရပါဦးအံ့။ အောက်ပါစာ ကြောင်းအနည်းငယ်ကို ဖတ်ရှုကြည့် စမ်းပ။

နောက်ဆုံးဖဲကို အမြဲဘယ်ခါ မသုံးပါသေး
အရာရာတိုင်းကို စောင့်နေတဲ့ သင်္ချိုင်းတစ်ခုရှိတယ်
ငရဲနဲ့ ခြောက်ကြ၊ နတ်ဘုံကို မျှော်ကြ
တစ်ခုပဲ သေချာမမြဲဘူး ဒီဘဝ။

ဤသည်မှာ ကျွန်ုပ်ဖန်တီးလိုက် သော ဖြတ်ညှပ်ကပ်မော်ဒန်ကဗျာဖြစ် သည်။ မြန်မာပြန်နိုင်ငံရပ်ခြားကဗျာ သုံးပုဒ်မှ ကြုံရာကျဖမ်းဆွဲယူကောက် နုတ်၍ ဆက်စပ်တည်ဆောက်ကြည့် ရာမှ ကဗျာလိုလို ဘာလိုလို စာပိုဒ် ကလေးတည်ရှိလာသည်။ အနောက် တိုင်းမော်ဒန်ကဗျာလောကတွင် ကဗျာဆရာ၏ ဖန်တီးမှုစာသား မဟုတ်ဘဲ အခြားဖန်တီးပြီးသား စာ ပိုဒ်များ၊ စာကြောင်းများကို ဖြတ်ညှပ် ကပ်နည်းဖြင့် ဖွဲ့စည်းလိုက်သောအခါ Collage ‘စကားလက်’ခေါ် ဖြတ် ညှပ်ကပ်ကဗျာဖြစ်လာပါသတဲ့။ မြေ ခကြွေသက်၊ ဈာန်ဝိတက်သို့၊ သစ် ရွက်ယော်ရီ၊ ဣဒ္ဒနီဝယ် …စတဲ့ ကဗျာစာသားကို ရေးစပ်တော်မူခဲ့ သော၊ ဂန္တဝင်စာဆိုအသျှင်ဥတ္တမ ကျော်သာ အထက်ပါကောလက်ဖြတ် ညှပ်ကပ်စာသားကို တွေ့ရှိပါက ”နှောင်းခေတ်ကဗျာဆရာတွေအဖို့ ကဗျာလင်္ကာဟာ လွယ်လွန်းအားကြီး နေပါပကော …ဘုရား၊ ဘုရား၊ ဘုရား …”ဟု မြည်တမ်းမိမည် လား မပြောတတ်။

ဖြတ်ညှပ်ကပ်ပညာကို ‘အလွဲ သုံး’ကြသူ အချို့အကြောင်းလည်း စကားစပ်ချင်ပါသေးသည်။

လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ် ကျော်လောက်က မြန်မာစာပေလော ကတွင် ‘ရှဲဒိုးဝတ္တု’များ ပလူပျံခဲ့ဖူးပါ ၏။ ရှဲဒိုးဟူသည်မှာ ကလောင်နာမည် ခံစာရေးဆရာ (သို့မဟုတ်)ကလောင် နာမည်ခံထုတ်ဝေသူတစ်ဦးတစ် ယောက်အတွက် နာမည်မခံသော အခြားသူတစ်ယောက်က နောက် ကွယ်ကနေ ရေးပေးသော ဝတ္တုများ ကို ရှဲဒိုးဝတ္တုဟုခေါ်သည်။ ကမ္ဘာသုံး ဝေါဟာရမှာ Ghost-Writer ဖြစ် သည်။ ‘တစ္ဆေကလောင်’ဟု အရမ်း ဘာသာပြန်တတ်ကြသည်။ နာမည် မခံဘဲနောက်ကွယ်ကနေ ကိုယ် ယောင်ဖျောက်၍ ရေးပေးသော ကြေးစားစာရေးဆရာဟုဆိုမှ မှန် မည်ထင်သည်။ ဘာပြောပြော ကျွန်ုပ် တို့ မြန်မာတွေကတော့ ရှဲဒိုးကိုသာ ခံတွင်းတွေ့ကြသည်။ ”အဲဒီဆရာက ရှဲပေါ့”ဟူ၍ပင် အတိုကောက်သုံးကြ သေး၏။

ရှဲခေတ်တုန်းက ရှဲအချို့သည် ဖြတ်ညှပ်ကပ်ပညာကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြကုန်၏။ ကိုယ့်မြန်မာ အချင်းချင်း သစ္စာမဲ့ခဲ့ကြကုန်၏။ မြန် မာစာရေးဆရာကောင်း ဆရာတော် များ၏ ဝတ္တုမျိုးစုံမှ အကောင်းဆုံး ဇာတ်ကွက်များကို ထုတ်နုတ်ကာ သင့်တော်သလို ဖြတ်ညှပ်ကပ်ကြခြင်း ဖြစ်ပါသည်။

ကျွန်ုပ်သည်လည်း ‘ရှဲ’ဘဝဖြင့် အသက်မွေးဝမ်းကြောင်းခဲ့ရဖူးပါ သည်။ ကျွန်ုပ်က တိုက်ရိုက်ခိုးချခြင်း မပြုပါ။ အင်္ဂလိပ်ဝတ္တုကို မြန်မာဝတ္တု အဖြစ် ပြောင်းလဲ၊ အင်္ဂလိပ်ဇာတ် ကောင်၏ ဘောင်းဘီကို ဆွဲချွတ်၍ မြန်မာဇာတ်ကောင်အဖြစ် ပုဆိုးဝတ် ပေးလိုက်ရုံမျှသာ ရယ်ပါ။ ။

ကြူးနှစ်


LEAVE A REPLY

Please enter your comment!
Please enter your name here