Travel Kueen လို့ဆိုလိုက်တာနဲ့ ခရီးသွား Blog တွေရေးနေတဲ့ ကောင်မလေးဆိုတာ တန်းသိကြတယ်။ မြန်မာပြည်အနှံ့ ခရီးတွေသွား၊ Review တွေကို အချက်အလက် တိတိကျကျ၊ စေတနာပါပါနဲ့ ရေးလေ့ရှိတဲ့ သူမမှာ အားပေးတဲ့ ပရိသတ်တွေ အများကြီးရှိလာပြီ။ Travel Blogger အဖြစ်ရပ်တည်လာတာ ၂နှစ်ကျော်ရှိပါပြီလို့ဆိုတဲ့ အိမ့်ချစ်ချော(Travel Kueen) က သူမဖြတ်သန်းခဲ့တဲ့ ၂နှစ်ကျော်အတွင်း မြန်မာနိုင်ငံအနှံ့ကို ရောက်ဖူးခဲ့ပေမယ့် မရောက်ဖူးသေးတဲ့ နေရာတွေလည်း ရှိသေးကြောင်းပြောပါတယ်။
“ရှိသေးတယ်။ ညီမက ရခိုင်ရယ်၊ ချင်းရယ်၊ ပူတာအိုရယ် မရောက်ဖူးသေးဘူး။ ကျန်တာတွေတော့ ရောက်ပြီးသွားပြီ။ အဲဒါတွေလည်း သွားဖို့ရှိပါတယ်” လို့ အိမ့်ချစ်ချောက ပြောပါတယ်။
အခုလို ချမ်းချမ်းအေးအေးနဲ့ ဆောင်းရာသီကာလဟာ ခရီးထွက်ဖို့ အကောင်းဆုံးအချိန်ကာလတစ်ခု ဖြစ်ပါတယ်။ ခရီးထွက်တော့မယ်ဆိုရင် ဘယ်ဒေသဖြစ်ဖြစ်ပါ။ ကိုယ်မရောက်ဖူးသေးတဲ့ နေရာဒေသတစ်ခုကို သွားရတော့မယ်ဆိုရင် အဲဒီဒေသရဲ့ အချက်အလက်တွေ၊ တည်းခိုနိုင်တဲ့ နေရာတွေ၊ သွားရေးလာရေးစသဖြင့် တော်တော်များများကို သိထားမှ အဆင်ပြေမှာဖြစ်ပါတယ်။ အခုခေတ်ကတော့ ဖေ့စ်ဘုတ်မှာ Travel Kueen တို့လို Blogger တွေကျေးဇူးကြောင့် ကိုယ်သွားမယ့်ဒေသကို ကြိုတင်တွက်ဆလို့ ရနိုင်ပြီး အဆင်ပြေသွားကြတာများပါတယ်။ Travel Blog နဲ့ ပတ်သက်ပြီး လမ်းကြောင်းတစ်ခုပေါ်ရောက်နေပြီဖြစ်တဲ့ Travel Kueen က သူမရေးခဲ့တဲ့ ခရီးသွား Review တွေနဲ့ ပတ်သက်ပြီး…
“၀မ်းသာတာပေါ့။ ဒါကလည်း အစပိုင်းကတော့ ၀ါသနာပါလို့ လုပ်ရင်းလုပ်ရင်းနဲ့ နောက်ပိုင်းကျတော့ ဒီလိုမျိုး စာဖတ်ပရိသတ်တွေ အားပေးတယ်။ ကိုယ့် Review ကြောင့် ခရီးသွားရတာ အဆင်ပြေတယ်။ ဘယ်ဟိုတယ်လေးမှာ တည်းရမလဲ၊ ဘယ်လိုသွားရမလဲဆိုတာကို အရင်လို ခေါင်းရှုပ်စရာမလိုတော့ဘူး။ အဲဒီလိုမျိုးတွေ ပြန်ကြားရတဲ့ အခါကျတော့ ဘယ်လိုပြောရမလဲ။ ရေးရကျိုးနပ်တယ်တော့ မဟုတ်ဘူးပေါ့။ ကိုယ်ဝါသနာပါလို့ လုပ်တာဆိုတော့ ဒါကတော့ ဘယ်သူအားပေးပေး၊ မပေးပေး ကိုယ်ကတော့ ရေးမှာပဲ။ ဒါပေမဲ့ အဲဒီလိုမျိုး ကိုယ်ရေးတဲ့အပေါ်မှာမှ ဒီလိုမျိုး Feedback ကောင်းလေးတွေ ပြန်ရတယ်ဆိုတဲ့အခါကျတော့ ဆက်လုပ်ဖို့အတွက် ပိုပြီးခွန်အားတွေ ပိုရတာပေါ့” လို့ ပြောပါတယ်။
ခရီးတွေသွားကြတယ်။ Blog တွေရေးလာကြတယ်။ အဲဒီအပေါ်မှာ တချို့က ၀ါသနာအရရှိသလို တချို့က အပျော်အနေနဲ့ ရှိတယ်။ Travel Blogger တွေများလာခြင်းရဲ့ ကောင်းခြင်း၊ ဆိုးခြင်းက ဘယ်လိုရှိလဲလို့ဆိုတော့… “အခုနောက်ပိုင်း Travel Blogger တွေများလာတာ ကောင်းပါတယ်။ ဒါညီမတို့ နိုင်ငံအနေနဲ့ဆိုရင် နည်းသေးတယ်လို့တောင် ပြောလို့ရတယ်။ ဒါပေမဲ့ များလာတဲ့အပေါ်မှာ ပေါ်ပင်ဆိုတာတွေထက် ကိုယ်တကယ် စိတ်ပါဝင်စားလို့၊ ၀ါသနာပါလို့ များလာတာကို လိုစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်ပေါ်ပင် ခဏပဲ ထလုပ်တယ်ဆိုရင် ကိုယ်လည်းအကျိုးမရှိ၊ ဘယ်သူ့အတွက်မှလည်း အကျိုးမရှိဘဲနဲ့ ခဏလေးနဲ့ ပြန်ပျောက်ကွယ်သွားမှာမျိုး မဖြစ်စေချင်ဘူး။ အဲဒီတော့ ကိုယ်က တကယ်ဝါသနာပါတယ်။ လုပ်မယ်ဆိုရင် တကယ်ရေရှည်လုပ်ချင်တဲ့ ဟာမျိုးပေါ့နော်။ တကယ် စိတ်အားထက်သန်ပြီး ၀ါသနာပါတဲ့သူတွေကို ပိုပြီးများလာစေချင်တယ်” လို့ သူမက ဆက်လက်ပြောပါတယ်။ အားပေးကြတဲ့ ပရိသတ်တွေကိုလည်း သူမက……“Travel Kueen ကို အားပေးတဲ့ ပရိသတ်တွေအားလုံး၊ ချစ်ကြတဲ့သူတွေ အားလုံးကို ညီမက ကျေးဇူးတင်ပါတယ်။ ဒီ့ထက်ပိုပြီးကောင်းတဲ့ Content တွေ၊ Review တွေနဲ့ ရှေ့ဆက်သွားပါဦးမယ်” လို့ ပြောပြခဲ့ပါတယ်။
မျိုးမောင်