အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ကူဘူးဆိုတဲ့ လှမျိုးသဉ္ဖာနွယ်

0
203

သရုပ်ဆောင်လှမျိုးသဉ္ဇာနွယ်ရဲ့ မောင်ဖြစ်သူ စိုးသီဟ ပါဝင်သရုပ်ဆောင်ထားတဲ့ မိုးထိအောင်လှေကားထောင်မယ့်သူ ဗီဒီယိုအခွေကို ဒီဇင်ဘာ ၁၅ရက်နေ့မှာ ဖြန့်ချိခဲ့ပြီး ဗီဒီယိုဈေးကွက်ပျက်နေတဲ့ ကာလမှာတောင် တစ်သောင်းကျော်ရောင်းချရတဲ့အတွက် အစ်မဖြစ်သူလှမျိုးသဉ္ဖာနွယ်က ၀မ်းသာပီတိဖြစ်လို့နေပါတယ်။ ဒီဇာတ်ကားမှာတော့ နေထူးနိုင်၊ စိုးသီဟ နဲ့ဖူးစုံတို့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး စိုးသီဟရဲ့ ဒုတိယမြောက်ဗီဒီယိုဇာတ်ကားပဲ ဖြစ်ပါတယ်။

“အရိုးသားဆုံးပြောရရင်  ဒီလောက်ရောင်းရမယ်လို့ မထင်ပါဘူး။ ပရိသတ်တစ်ယောက်သိရင်လဲ အမြတ်ပဲဆိုတဲ့စိတ်ကလေးနဲ့လုပ်ရတဲ့အချိန်မှာ ဒီလိုမျိုးရောင်းရတဲ့အတွက် တအားဝမ်းသာပါတယ်။ ကိုနေထူးနိုင်တို့ ဖြန့်ချိရေးကလဲ ဖိဖိစီးစီးနဲ့ ဖြန့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခွေရောင်းကောင်းတဲ့အတွက် အရင်းအနှီးအနေနဲ့လည်း အထိုက်အလျှောက် ပြန်ရတဲ့အတွက် ရှေ့ဆက်ရမယ့် ခြေလှမ်းတွေအတွက် အထောက်အပံ့လို့ယူဆပါတယ်။ အခုအချိန်က တော်တော်ရုန်းရပါတယ်။ အဓိကတော့ ခေတ်ပျက်နေတာပေါ့။ ဈေးကွက်ပျက်နေတဲ့အချိန်ကြီးမှာ အရင်းအနှီးဆိုတာကိုလည်း ကြည့်ရတယ်။ အခွေရဲ့ ကွာလတီလျှော့သွားမှာကိုလည်း ကြောက်ရတယ်။ အစ်မတို့လုပ်ရတာ တော်တော်ကျဉ်းကျဉ်းကြပ်ကြပ်လုပ်ရတယ်။ နောက်ဆုံးငါတို့ က စီးပွားရေးလုပ်တာမှမဟုတ်ဘဲ။ စီးပွားရေးကတခြားသက်သက်လုပ်ပြီးသားဆိုတော့ ဒါအနုပညာလုပ်တာပဲဆိုပြီး အဲဒီလိုစိတ်ထားလိုက်မှ နည်းနည်းခံသာတယ်။” လို့ပြောပါတယ်။ လှမျိုးသဉ္ဖာနွယ်ကတော့ မောင်ဖြစ်သူကို သရုပ်ဆောင်တာ သဘာဝကျစေချင်သလို အနုပညာလောကမှာ နေရာလေးတစ်နေရာ ခိုင်ခိုင်မာမာနဲ့ ရပ်တည်စေချင်သူပါ။ မောင်ဖြစ်သူလမ်းမှားမရောက်အောင်လဲ ဘေးက အမြဲထိန်းပေးသွားမယ်ဆိုတဲ့ လှမျိုးသဉ္ဖာနွယ်က….

“လူငယ်တွေက သူတို့ရဲ့ အတွေးအခေါ် အယူအဆတွေက အစ်မတို့ နဲ့မတူပါဘူး။ သူတို့က ပိုစန်းသစ်တယ်။ အန္တာရယ်မဖြစ်ဘူး သူကြိုက်တဲ့လမ်းကိုသွားချင်တယ်ဆိုရင် အစ်မတို့ကလုပ်ခွင့်ပေးတယ်။ သူအန္တရာယ်ဖြစ်မယ်လို့ ယူဆရင် အစ်မက ရှေ့က ၀င်တားတယ်။ အစ်မက အကြီးဆိုတော့ သူဘေးဒုက္ခမရောက်အောင် ကာပေးရမှာပဲလေ။ သူ့ကိုကျေးဇူးတင်တာတစ်ခုက လူငယ်ဖြစ်ပေမယ့် အရက်သေစာသောက်စားခြင်းမရှိဘူး။ ဆေးဝါးသုံးစွဲခြင်းမရှိဘူး။ အဲဒါတစ်ခုထဲနဲ့တင်အစ်မတို့ မိသားစုက သူ့ကိုထိုင်ကျေးဇူးတင်နေပါပြီ။ လူပေါင်းမှားမှာဆိုးတာ။ အနုပညာရှင်တစ်ယောက်ဆိုတာ ဖြစ်ဖို့မလွယ်ဘူးလေ။ ဘယ်အရာမဆို ပျက်ဖို့လွယ်တယ်။ ဖြစ်ဖို့သာမလွယ်တာ။” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here