အကဲဖြတ်ဒိုင်အဖြစ် ထပ်မံတွေရမယ့်အပေါ် နီနီခင်ဇော်ရဲ့ ရင်ခုန်မှု

0
543

နီနီခင်ဇော်ကို ၂၀၁၉က အလုပ်တွေနဲ့ ကြိုဆိုလို့နေပါတယ်။ နှစ်သစ်မှာ နီနီပထမဆုံးလုပ်ရမယ့်အလုပ်က The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ အကဲဖြတ်ဒိုင်အလုပ်ပါပဲ။ သူမအနေနဲ့ ဒုတိယအကြိမ်ပြန်လုပ်ခွင့်ရမယ့်အပေါ် ရင်ခုန်မှုအပြည့်ရှိတယ်လို့လည်း နီနီခင်ဇော်ကပြောပါတယ်။

“ဒီနှစ်ကတော့ သူတို့ Theme တွေလည်းပြောင်းထားတယ်။ ပြီးတော့ တချို့ Week တွေမှာဆိုလို့ရှိရင် အသစ်တွေထပ်တိုးထားတာရှိပါတယ်။ ပရိသတ်တွေ ဒီတစ်ခေါက်မှာ ကြည့်ရတာပိုပြီးတော့ ပျော်စရာလည်းကောင်းမယ်။ စိတ်လှုပ်ရှားစရာလည်းပိုကောင်းလိမ့်မယ်လို့ထင်ပါတယ်။ အဓိကကတော့ The Voice က အသံပါပဲ။ ရုပ်ကိုလည်း ကြည့်ခွင့်မရဘူး။ ယောကျာ်လေးလား၊ မိန်းကလေးလားလည်း ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ အဲဒီအတွက် အသံကိုပဲ ကြည့်ရမှာပါ။ အဲဒီအတွက်တော့ အရမ်းရင်ခုန်ပါတယ်။ အခုလာမယ့် ဇန်န၀ါရီလောက်ဆိုရင် Blind Audition စပြီးတော့ ရိုက်ကူးပါတော့မယ်” လို့ နီနီခင်ဇော်ကဆိုပါတယ်။ နီနီခင်ဇော်က သီချင်းအဆိုကောင်းသလို ‘ခင့်မှာတမ်း’ လိုမျိုးမှာလည်း သရုပ်ဆောင်ဖူးတော့ နောင်ကာလတွေမှာ သရုပ်ဆောင်ဘက်ကို သွားမှာလားလို့ဆိုတော့…..“အဲဒါတော့ မပြောပြသေးဘူး။ ပရိသတ်ဆက်ပြီးကြည့်ပါလို့။ မပြောပြချင်သေးဘူးဆိုတာက နီနီက သရုပ်ဆောင်ချည်းသီးသန့်လုပ်ဖို့ အစီအစဉ်တော့မရှိသေးပါဘူး။ နီနီဝါသနာမပါသေးပါဘူး။ အဲဒါကတော့လေ။ နီနီက သီချင်းဆိုတာပျော်တယ်။ သီချင်းဆိုတဲ့အလုပ်ကိုပဲ လုပ်ချင်ပါတယ်” လို့ သူမကပြောပါတယ်။ နီနီခင်ဇော်ရဲ့ နှစ်သစ်ကူးဆုတောင်းကတော့…… “အခုအားလုံးလည်း ၂၀၁၉ကိုရောက်တော့မယ်ဆိုတော့ ၂၀၁၉မှာပိုပြီးတော့ ကိုယ့်ဘ၀အတွက်ပျော်စရာကောင်းတဲ့၊ တကယ်ပျော်ရွှင်တဲ့အလုပ်တွေကို လုပ်ပြီးတော့ အချိန်ကို ပိုပြီးအကျိုးရှိစွာ အသုံးချနိုင်ပါစေလို့ ပရိသတ်ကို ဆုတောင်းရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ဆုတောင်းပါတယ်” လို့ နီနီခင်ဇော်ကပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here