ကျေးလက်ကိုရောက်သွားရတဲ့အတိုင်းခံစားရစေမယ့် ဗေလုဝရဲ့ လယ်သူမ မြန်မာထမင်းဆိုင်ဖွင့်လှစ်

0
322

သရုပ်ဆောင်ဗေလုဝနဲ့ သူငယ်ချင်းတွေ ပူးပေါင်းဖွင့်လှစ်ထားတဲ့ လယ်သူမ မြန်မာထမင်းဆိုင်ကတော့ ဆိုင်ဖွင့်ပွဲမတိုင်ခင်ကတည်းက ပရိသတ်များရဲ့ အားပေးမှု ရရှိနေတာပါ။ ကျေးလက်အစားအစာတွေကို ကြိုက်နှစ်သက်ကြတာကြောင့် ဆိုင်က လက်မလည်အောင် ရောင်းကောင်းနေပါတယ်။ ဗေလုဝက အခုလို လယ်သူမ ကျေးလက်ရိုးရာ ထမင်းဆိုင်ဖွင့်လှစ်ဖို့အတွက် အိပ်မက်မက်ထားတာ ၅ နှစ်ကျော် ၆နှစ်ဝန်းကျင်ရှိပါပြီ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်တဲ့အတွက် ၀မ်းသာပီတိဖြစ်လို့ နေပါတယ်။ ဆိုင်အပြင်အဆင်ကလည်း ၀ါးဓနိတွေ၊ ပန်းပုရုပ်တွေ၊ စိုက်ခင်းလေးတွေနဲ့ ဖြစ်တဲ့တွက် တကယ်ကို ကျေးလက်ဒေသကို ရောက်သွားတဲ့အတိုင်း ခံစားရအောင် ဖန်တီးထားကြပါတယ်။ ဒီဆိုင်နဲ့ပတ်သက်ပြီး ဗေလုဝက….

“ရန်ကုန်မြို့မှာ ရှိတဲ့လူတော်တော်များများက ကျေးလက်က လာကြတာများတယ်။ သူတို့ဒေသ အစားအစာတွေကို ဘယ်မှာ စားရမှန်းမသိကြဘူး။ ကျေးလက်မှာ ရနိုင်တဲ့ လက်ရာမျိုးကို အမျိုးသမီးက ဖော်စပ်ပြီး ချက်ထားပေးတာပါ။ စားသွားတဲ့သူတွေက သဘောကျကြတယ်။ မဖွင့်ခင် ကတည်းက စမ်းရောင်းကြည့်တယ်။ ဆိုင်က ၀န်ထမ်းတွေကိုလည်း သင်တန်းပေးတဲ့အနေနဲ့ပေါ့။ ရောင်းကြည့်တော့ သဘောကျနှစ်သက်ကြပါတယ်။ သူတို့ကြိုက်တဲ့ ဟင်းတွေရှိတယ်။ ကြက်ချဉ်စပ်တို့၊ ကြက်ဗူးတို့ ၀က်လက်နဲ့မျှစ်ချဉ်ဟင်းတွေလဲ ကြိုက်ကြတယ်။”လို့ ပြောပါတယ်။ ကျေးလက်အစားအစာများကို သေချာလေ့လာပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ပြုတ်ပေးနေတဲ့ ဗေလုဝရဲ့ ဇနီးဖြစ်သူ ဒေါ်စုစုခိုင်ကလည်း…

“ငရုပ်သီးစိမ်းနဲ့ ငါးနဲ့ကို ငပိရည်ကျိုချက်တယ်။ အစ်မတို့ဆိုင်မှာ လယ်သူမဟင်းဆိုင်ပြီး အမည်ပေးလိုက်တာပေါ့။ စားသုံးသူတွေကလည်း ကြိုက်ကြတယ်။ ပါဆယ်ပါဆွဲသွားကြတယ်။ မြန်မာကြက်စစ်စစ်နဲ့ ဗူးသီး နဲ့ ဟင်းချက်တယ်။ ငရုပ်သီးဆိုလဲ အပုတောင့်ကြီးတွေကို ကိုယ့်ဘာသာကိုယ်ထောင်းပြီးတော့ ချက်တယ်။ ဆီကလဲ ပဲဆီအသန့်။ ဦးဗေရဲ့သူငယ်ချင်းတွေက မြင်းခြံက တင်ပေးတယ်။ အချိုမှုန့်လဲ မသုံးဘူး။ ဂျပန်ကထုတ်တဲ့ ဒါချီ အဲဒါပဲသုံးတယ်။ ကိုယ်စားသလိုပဲ ကျန်းမာရေးနဲ့ ညီညွှတ်အောင်လို့ ချက်ပြီး ရောင်းတယ်။ စေတနာပါပါနဲ့ ကိုယ်ကိုယ်တိုင်ချက် ကိုယ်ကိုယ်တိုင်မြည်းတယ်။” လို့ပြောပါတယ်။ ဒီလယ်သူမ ထမင်းဆိုင်ကိုတော့ အမှတ် ၈၅၁၊ ရတနာလမ်းမကြီး၊ ကျိက္ကဆံဘုရားအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here