မြန်မာနိုင်ငံမှာ အခြေချ နေထိုင်တော့မယ့် ဥက္ကာမင်းမောင်

0
358

okkar-min-maungအမေရိကမှာ နေထိုင်လျက် ရှိတဲ့ ဥက္ကာမင်းမောင်က လတ်တလောမှာ ဖခင်ဆုံးပါး သွားတာကြောင့် မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိနေပြီး ပြန်ရောက်တာလည်း သိပ်မကြာ သေးတဲ့ အတွက် အနုပညာ အလုပ်တွေ မလုပ်ဖြစ်သေးဘူးလို့ သိရပါတယ်။ သူပါဝင် သရုပ် ဆောင်ထားတဲ့ မေထုန် ရာသီဖွား ရုပ်ရှင် ဇာတ်ကားကို အမေရိကန် နိုင်ငံမှာ ပြသခဲ့ပြီး မူရင်း ဇာတ်ညွှန်းကိုလည်း အော်စကာ အဖွဲ့ရဲ့ စာကြည့်တိုက်မှာ ထားရှိမှာဖြစ်တဲ့ အတွက် အတိုင်း မသိ ဝမ်းသာပျော်ရွှင်မိကြောင်း ပြောပါတယ်။

“အိပ်မက် တစ်ခု လိုပါပဲ။ ဝမ်းသာပါတယ်။ ဒီလောက် အခြေအနေ အတိုင်းအတာထိ ရောက်သွား လိမ့်မယ်လို့ မျှော်လည်း မမျှော်လင့် ထားပါဘူး။ ကိုငြိမ်းချမ်းကျော် ကအဓိက ပေါ့ သူတအား ကြိုးစားတယ်။ နောက်ပြီး ကိုညို (ညိုမင်းလွင်) ကိုလည်း တအားကျေးဇူး တင်ပါတယ်။ ကျွန်တော့်ဘဝမှာ မှတ်တိုင် တစ်ခု အဖြစ် စိုက်ထူ ခဲ့နိုင်အောင် ဒီလိုမျိုး အမေရိကက ဟောလိဝုဒ် မှာပြသတဲ့ ဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့ အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ ဝေဖန် တာတွေလည်း အများကြီး ကြုံပါတယ်။ တိုက်ခိုက် တာတွေလည်း အများကြီးပါပဲ။ ကျွန်တော် တို့ ဒီလိုလမ်းသစ် ဖောက်ပြီး အနုပညာ အသစ်တစ်ခုမှာ အကုန် လုံး လက်တွဲပြီး အတူတူ အလုပ်လုပ်ကြတယ်။ ဇာတ်ကား ကလည်း ပြန်ကြားတဲ့ feedback ကလည်း တအားကောင်းတယ်။ ပရိသတ်ကလည်း ကြိုက်ကြတယ်။ ကျွန်တော် ကြိုးစားရကျိုး နပ်တယ် လို့ ခံစားရပါတယ်”လို့ ပြောပါတယ်။ ဒီဇာတ်ကား ရိုက်ကူးစဉ် မှာတော့ အခက်အခဲ မရှိခဲ့ဘဲ အမှတ်တရ များစွာတော့ ရှိခဲ့တဲ့ ဇာတ်ကား တစ်ကားပါပဲလို့ ဥက္ကာမင်းမောင် ကပြောပါတယ်။

“ကျွန်တော် အနုပညာ လောကထဲကို ၈နှစ်တာ ထွက်သွားပြီးမှာ ပြန်ဝင် လာတာပါ။ ဒါကလည်း ပထမဆုံး ဇာတ်ကားပါ။ နောင်တစ်ချိန်မှာ ထွက်ရင်လည်း ထွက်သွားဦးမယ် မသိသေးဘူး။ လတ်တလောတော့ ဇောက်ချ လုပ်နေတယ်။ ဒါပေမဲ့ လူ့ဘဝ ကံကြမ္မာ ဆိုတာ ဘာမှမပြောနိုင်ဘူး။ တကယ်လို့ ကျွန်တော် အနုပညာလောမှာ မရှိတော့ဘူး ဆိုရင် အသက်တွေ ကြီးပြီး ပြင်ပမှာ စီးပွားရေး သမား အဖြစ် ရပ်တည်နိုင် ရင်တောင်မှ အသက်၎ဝ၊ ၅ဝ၊ ၈ဝ ဖြစ်သွားခဲ့တဲ့ အချိန်မှာ ငါ့ရဲ့ရုပ်ရှင် ဇာတ်ကား လေးအော်စကာ ရဲ့ စာကြည့်တိုက်မှာ ရှိပါလား ဆိုတဲ့ စိတ်အသိလေး တစ်ခုက တအားလည်း ကျေနပ်တယ်။ ပီတိလည်း ဖြစ်ပါတယ်။ အခုအချိန်မှာ အော်စကာကို ရောက်တာ လွယ်ပါတယ် ဆိုပြီး ဝေဖန်မှု ပေါင်းစုံ ထွက်တယ်။ ဒါပေမဲ့ လူတွေ ပြောတာများလေ ပိုအောင်မြင်လေလေပဲ လို့ ကျွန်တော် ခံယူတယ်။ အဲဒီပေါ်မှာ လည်း ကျွန်တော် ဘယ်လိုမှ မတုံ့ပြန်ဘူး။ အပြစ်ပြောတဲ့ လူတွေကိုလည်း ဘယ်လိုမှ မနေဘူး။ ကိုယ်တွေ လုပ်ခဲ့တာ ယုံကြည်မှု ရှိစွာ လုပ်ခဲ့တဲ့အတွက် ဝမ်းသာတယ်။ နောင်တစ်ချိန် ဒီလို အခွင့်အရေးမျိုး ဆိုတာ ထပ်လာချင်မှလာ တော့မှာ။ ကျွန် တော့် ရုပ်ရှင်နောက်တစ်ကား အော်စကာ library ရောက်ဖို့ဆိုတာ ဖြစ်ချင်မှလည်း ဖြစ်တော့မှာ။ ဒါပေမဲ့ တအား ကျေနပ်သွားပါတယ်” လို့ပြောပါတယ်။

ဒီဇာတ်ကားကို စက်တင်ဘာလ အတွင်းက အမေရိကန် နိုင်ငံမှာ ပြသခဲ့ပြီး မြန်မာနိုင်ငံ အပြင် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနိုင်ငံ တို့မှာလည်း ပြသသွားဖို့ အစီအစဉ် ရှိကြောင်း သိရပါတယ်။ ဥက္ကာမင်းမောင်က နောက်ပိုင်းမှာ အနုပညာ အလုပ် တွေကို တစ်ဆင့်ချင်း ပြန်လည် ကြိုးစား လုပ်ဆောင်သွားမှာ ဖြစ်ပြီး ၂ဝ၁၇ ခုနှစ် ထဲမှာတော့ မြန်မာနိုင်ငံမှာပဲ အခြေချ နေထိုင်သွားဖို့ အစီအစဉ် ရှိကြောင်း ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here