ဒီဇင်ဘာမှာ အထင်ရှားဆုံး ခရီးသွားစရာ ပြန်ဦးလွင်ပန်းပွဲတော်ပါ

0
398

၁၃ကြိမ်မြောက်ပန်းပွဲတော်ကိုတော့ ဒီဇင်ဘာ ၁၅ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပါပြီ။ တစ်လတိုင်တိုင်ကြာမြင့်မှာဆိုတော့ ခရီးသွားနှစ်သက်သူတွေအတွက်တော့ အဆင်သင့်လှတာပေါ့။ အခုရာသီကလည်းတကယ့်ကို အပန်းဖြေခရီးထွက်ချင်စရာရာသီပါပဲ။ ဒီဇင်ဘာရဲ့ အေးချမ်းမှုကိုတော့ ပြင်ဦးလွင်လို တောင်ပေါ်ဒေသလေးမှာ အပြည့်အ၀ခံစားနိုင်မှာပါ။ ဒေသထွက်အစားအသောက်လေးတွေ သုံးဆောင်ရင်း အေးချမ်းမှုရဲ့ အရသာကို ခံစားနိုင်တယ်။ ၀ိုင်ချိုချိုလေးသောက်ဦးမလား။ ဒါမှမဟုတ် ခြံထွက်နွားနို့လေးများ သုံးဆောင်ချင်သလား။ စတော်ဘယ်ရီခူးမလား။ လိမ္မော်သီးခူးမလား။ Organic တွေပဲနော်။ ပြင်ဦးလွင်လို့ပဲခေါ်ခေါ်၊ မေမြို့လို့ပဲခေါ်ခေါ် တောင်ပေါ်မြို့လေးရဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ်ထဲက ပန်းပွဲတော်ကတော့ တစ်နှစ်မှတစ်ခါကျင်းပတာဖြစ်လို့ တစ်ခါတစ်ခေါက်အလည်ရောက်သွားလို့ရှိရင် သင့်ကို စိတ်ချမ်းသာမှုပေးနိုင်လောက်ကောင်းပါရဲ့။

“နှစ်စဉ်နှစ်တိုင်းတော့ ၀ိုင်းစုပန်းပွဲတော်ကို လာဖြစ်တယ်။ ဖျော်ဖြေဖြစ်တယ်။ အရမ်းလည်းပျော်ဖို့ကောင်းတယ်။ အခုကတော့ အရင်နှစ်ဖျော်ဖြေတဲ့နေရာမှာ မဟုတ်တော့ဘူး။ ပန်းပွဲတော်ဝင်းထဲမှာဆိုတော့လေ။ ပိုပြီးတော့ ပရိသတ်တွေလည်းရှိတယ်။ တစ်ခါတည်း၊ တစ်ပေါင်းတည်းဖြစ်နေတာပေါ့နော်။ အရင်တုန်းကတော့ သတ်သတ်စီဖြစ်တာပေါ့။ ဒီနှစ်ပိုပျော်ဖို့ကောင်းပါတယ်” လို့ ပန်းပွဲတော်ဖွင့်ပွဲမှာ ဖျော်ဖြေဖြစ်တဲ့ ၀ိုင်းစုခိုင်သိန်းက သူမရဲ့ ခံစားချက်ကိုပြောပါတယ်။ ပြီးတော့ သူမက ပြင်ဦးလွင်ကို နှစ်သက်ပုံရှိပါတယ်။ “၀ိုင်းစုကအေးတာကြိုက်တယ်။ ဒါပေမဲ့အရမ်းချမ်းရင်လည်း မခံနိုင်ပြန်ဘူး။ ဒါပေမဲ့ အေးတဲ့အချိန်မှာ အနွေးထည်လေးဝတ်ပြီးနေရတာ ပိုပြီးကြိုက်တယ်” လို့ ဆိုပါတယ်။ ၀ိုင်းစုလိုပဲ ဖွင့်ပွဲမှာ ဖျော်ဖြေရတဲ့ နီနီခင်ဇော်ကလည်း . . .

“ဒီလိုမနက်ခင်းအစောကြီးမဆိုဖူးပါဘူး။ နီနီတို့ ပုံမှန်ဆိုရင် နေ့လည်ခင်းကြီးဆိုကြတယ်။ ကလေးဘ၀ကတည်းက ပန်းပွဲတော်ကို အမြဲတမ်းလာဖြစ်တယ်။ နောက်ပြီးတော့ ပန်းတွေလည်းကြည့်တယ်။ ပျော်လည်းပျော်တယ်။ ငယ်ငယ်တုန်းက မိသားစုနဲ့လည်းလာဖူးတယ်ဆိုတော့ အခု အဲဒါလေးကို ပြန်ပြီးတော့ Remind ဖြစ်မိပါတယ်။ ပန်းပွဲတော်ကတော့ အဆိုတော် တော်တော်များများနှစ်တိုင်းနီးပါးဆိုကြပါတယ်” လို့ ပြောပါတယ်။ ပြင်ဦးလွင်ပန်းပွဲတော်အပေါ် သူမရဲ့ အမြင်က . . . “တကယ်လှပတဲ့ အထင်ကရမြို့လေးပေါ့နော်။ အထင်ကရမြို့လေးမှာ အခုလိုရှိနေရာလေးရှိနေတာ မိသားစုတွေ၊ သူငယ်ချင်းတွေအားလုံးအတွက် အပန်းဖြေနိုင်တဲ့နေရာတစ်နေရာလေးဖြစ်သလို Tourist တွေအတွက်လည်း Attraction နေရာတစ်နေရာအဖြစ် ရပ်တည်နေတာပေါ့နော်။ အခုလိုနှစ်စဉ်နှစ်တိုင်းလေးကျင်းပတဲ့အတွက် ပိုပြီးတော့ ထင်ရှားစေပါတယ်” လို့ ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ-မျိုးမောင်

 


LEAVE A REPLY

Please enter your comment!
Please enter your name here