လိုအပ်တဲ့ နေရာမှာ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးချင်သူ အကယ်ဒမီ နေတိုး

0
273

အကယ်ဒမီ သရုပ်ဆောင် နေတိုးနဲ့ မိသားစုဟာ ဇန်နဝါရီလ ၂ရက်နေ့က ကွယ်လွန်သူ ညီလေးငယ် (မင်းသွေး) အတွက် ရည်စူးပြီး ရန်ကုန်တိုင်း စိတ်ကျန်းမာရေး ဆေးရုံကြီးမှာ အလှူဒါနတွေ ပြုလုပ်ခဲပါတယ်။ သုံးလပြည့်ခဲ့ပြီ ဖြစ်တဲ့ ညီလေးငယ် (မင်းသွေး) အတွက် အလှူ လုပ်ဖြစ်ခဲ့ပုံကိုလည်း နေတိုးက . .

“ဒီနေ့က စိတ်ကျန်းမာရေး ဆေးရုံမှာ မင်းသွေးအတွက်လည်း ပါတယ်။ နောက်တစ်ခုက နှစ်သစ်အလှူလို့လည်း ပြောလို့ရတယ်။ မိသားစုအလှူ လာလုပ်တာပေါ့။ အလှူအတန်းကတော့ ကျွန်တော်တို့ အမြဲတမ်း လုပ်ဖြစ်နေတယ်။ ဒီနေ့က မင်းသွေးရဲ့ ၃လပြည့်ပြီပေါ့နော်။ မေမေတို့က အဲ့ဒီ့အချိန်မှာ ရခိုင်ကို သွားဖို့ရှိတော့ ကျွန်တော်တို့ ရက်စောပြီး ဒီမှာ အလှူလုပ်ဖြစ်တာပါ။ လှူဒါန်းတာကတော့ လူနာတွေကို တစ်နေ့အတွက် စားစရာပါတယ်။ အဝတ်အစားတွေ လှူဒါန်းပေးတာပါ။ အလှူရေစက် လက်နဲ့မကွာ ဆိုတာရှိပါတယ်။ တစ်ဦးတစ်ယောက်ကို ရည်စူးပြီး လှူဒါန်းတာဖြစ်ဖြစ် ရိုးရိုးတန်းတန်းပဲ လှူတာပဲဖြစ်ဖြစ် အလှူအတန်းဆိုတာ လှူနိုင်ရင် ကောင်းလေပဲပေါ့။ ကျွန်တော်တို့ ဒါနရဲ့ ကုသိုလ်တွေရတဲ့ ပီတိလေးတွေကို ရရှိတယ်။ ဒီလိုမျိုး လိုအပ်တဲ့ နေရာမှာ လှူဒါန်းတဲ့ အတွက် သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့အတွက် ကြည်နူးပီတိ ဖြစ်ရတယ်။ အခုလှူဒါန်းတဲ့ အလှူဒါန အားလုံးကိုလည်း ပရိသတ်တွေ အပါအဝင် အားလုံးကိုလည်း သာဓုခေါ်ပါတယ်” လို့ ပြောပါတယ်။

သဲစုလှိုင် ၊ ဓာတ်ပုံ – မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here