အသက် ၂၈နှစ် ပြည့်ပြီဖြစ်တဲ့ အိချောပိုရဲ့ အိမ်ထောင်ပြုဖို့ အစီအစဉ်

0
244

ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုသာမက အနုပညာရှင်အချင်းချင်းကပါ ချစ်ကြတဲ့ သရုပ်ဆောင်ကတော့ အိချောပိုပါ။ ဇန်နဝါရီလ ၃ရက်နေ့မှာ သူ့ရဲ့ ၂၈နှစ်ပြည့် မွေးနေ့ အလှူအဖြစ် ရန်ကုန်မြို့ သံလွင်လမ်းမှာရှိတဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှာ နေ့လည်စာ အဝတ်အထည်နှင့် အခြားလိုအပ်နေသော ပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ မွေးနေ့မှာ အလှူအတန်းတွေ လုပ်ဖြစ်တာနဲ့ ပတ်သက်ပြီး အိချောပိုက “ပထမအခေါက် အဒေါ်တစ်ယောက်ရဲ့ မွေးနေ့ကို လာလှူတုန်းက ဒီမှာရှိတဲ့ ကလေးတွေက မမအိချောပို နောက်တစ်ခေါက်ကျရင် ခေါက်ဆွဲကြော် စားချင်တယ်။ လာကျွေးပါလို့ သူတို့က ပြောတယ်။ သူတို့ စားချင်တယ်။ အဲ့ဒါလေးကို သူတို့ အရမ်းကြိုက်တယ်။ နောက်တစ်ခေါက် အိချောက ကျွေးမယ်ဆိုပြီး ကတိပေးထားတာ ဖြစ်တဲ့အတွက် ကိုယ့်မွေးနေ့လည်းရောက်ရော သူတို့စားချင်တာကို လာကျွေးဖြစ်တာပါ။ မနှစ်တုန်းကလည်း အောင်ဇမ္ဗူတောရကျောင်းမှာ လှူဒါန်းဖြစ်တယ်။ မွေးနေ့ပွဲလုပ်တာထက် အိချော တတ်နိုင်သမျှ အလှူအတန်းတွေနဲ့ မွေးနေ့ကို ဖြတ်သန်းဖြစ်တယ်။ အခုလို အလှူတွေ လုပ်ရတဲ့အတွက် အိချောက ပျော်တယ်။ အလှူလုပ်ရတဲ့အတွက်လည်း ပီတိဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၈နှစ်ပြည့်လာပြီ ဖြစ်တဲ့အတွက် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း အိချောပိုက “အိချောရည်းစားမထားဖူးရယ်လို့တော့ မဟုတ်ဘူး။ ထားဖူးတယ်။ အနုပညာအလုပ်တွေလည်း တောက်လျှောက်လုပ်နေတာဆိုတော့ အိမ်ထောင်ရေးကို အချိန်မပေးဖြစ်သေးဘူး အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်ပြီ၊ ပြုသင့်ပြီဆိုရင်တော့ ပြုမှာပါ။ ဖူးစာပါရင် အခုပဲဖြစ်ဖြစ် အိမ်ထောင်ကျရင် ကျသွားမယ်။ အသက် ၃၀ကျော်ရင် အိမ်ထောင်ပြုသင့်ပြီလို့တော့ ထင်ပါတယ်။ အခုကတော့ လိုပါသေးတယ်။ အိချောလိုချင်တဲ့ ပုံစံမျိုးက တည်တည်တံ့တံ့နဲ့ အေးအေးဆေးဆေးသမား ဖြစ်ရမယ်။ ကိုယ့်မိသားစုကိုလည်း နားလည်နိုင်ရမယ်။ ကိုယ့်အပေါ်ကိုလည်း နားလည်နိုင်ရမယ်။ အဲ့လိုလူမျိုးကို လိုချင်ပါတယ်။” လို့ ပြောပြခဲ့ပါသေးတယ်။ ဆက်လက်ပြီး အိချောပိုက “ည ၁၂နာရီ ထိုးပြီဆိုတာနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ဆုတောာင်းပေးကြတဲ့ ချစ်ရတဲ့ ပရိသတ်တွေ၊ အသိမိတ်ဆွေတွေ၊ အနုပညာလောက မောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အိချောကို ဝိုင်းချစ်ပေးကြတဲ့အတွက်လည်း ပျော်လည်းပျော်တယ်။ ကျေးဇူးလည်း တင်ပါတယ်” လို့လည်း ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း

ဓာတ်ပုံ-ဇော်ဝင်းအောင်

 


LEAVE A REPLY

Please enter your comment!
Please enter your name here