ရိုက်ကူးပြီးသား ဒရာမာကားတွေ ရုံတင်ချင်တယ် မြင့်မြတ်

0
454

အကယ်ဒမီ သရုပ်ဆောင် မြင့်မြတ်ကတော့ လတ်တလောမှာ ရုပ်ရှင် ဇာတ်ကားတွေပဲ ဆက်တိုက်ရိုက်ကူးနေရပြီး ဟာသဇာတ်ကားတွေ၊ ဒရာမာ ဇာတ်ကားတွေ အညီအမျှ သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ရုံတင်ပြသတော့မယ် ‘ဟောက်စား’ ရုပ်ရှင် ဇာတ်ကား ကြီးမှာ လည်း ပါဝင်ထားတဲ့ သူတစ်ယောက်အနေနဲ့ ‘ဟောက်စား’ ဆိုတဲ့အတိုင်း ဇာတ်ကားထဲမှာ အကုန်လုံးကို ဟောက်စား လုပ်ထားတယ်လို့ မြင့်မြတ်က . . .

”ဒီဇာတ်ကားကတော့ ဟာသသီးသန့်ပါပဲ။ တစ်ကားလုံးမှာပါတဲ့ သူ အကုန်လုံးက ဟောက်စားတွေချည်းပဲပေါ့။ ကျွန်တော်က အဲဒီဇာတ်ကား ထဲမှာ ရွာမှာတကယ့် လူမိုက် အစစ်ရှိတယ်။ အဲဒီလူကြီးကိုနိုင်မှ မင်းဆရာကြီးဖြစ်ပြီပေါ့။ အဲဒီကောင်ကို သွားရိုက်ဆိုတော့ ဘယ်လိုလုပ် ရိုက်ရမှာလဲပေါ့။ နဂို ကတည်းက ကြောက်တတ်ပါတယ် ဆိုမှ အဲဒီမှာ ဇွတ်အတင်းသွားရိုက်တာပေါ့။ မသိမသာနဲ့အကုန်လုံးကို ဟောက်စား လုပ်တာပေါ့။ အဲဒီသဘောပါ။ ဘာပဲ ပြောပြော ဟောက်စားဇာတ်ကားလေး ရုံတင်ရင် လာကြည့်ကြပါ”လို့ မြင့်မြတ်က ပြောပါတယ်။

ဟာသရော၊ ဒရာမာရော အချိုးညီညီ ရိုက်ကူးနေတဲ့ မြင့်မြတ်ဟာ ဟာသ ဇာတ်ကားတွေပဲ ရုံပေါ်ကို ရောက်ရှိနေတဲ့အပေါ် မြင့်မြတ်က . . .

”အဓိကကတော့ ကျွန်တော် ဟာသရော၊ ဒရာမာရော ရိုက်ကူးထားတဲ့ ဇာတ် ကားတွေရှိတယ်။ ထပ်ပြီးရိုက်ကူးမယ့် ဇာတ်ကားတွေလည်း ရှိတယ်။ ဒါပေမဲ့ ရိုက်ပြီးတဲ့ဇာတ်ကား ဒရာမာကားတွေကျတော့ ရုံပေါ်ကို တက်မလာ ဘူး။ ဘာဖြစ်လို့လဲဆိုတာတော့ ကျွန်တော်လည်း နားမလည်ဘူး။ ကျွန်တော် တကယ်ကြိုက်တဲ့ ရိုက်ကူးပြီးသား ဒရာမာတွေဇာတ်ကားတွေရှိတယ်။ ရိုမန့်စ် ဒရာမာတွေ ရှိတယ်။ ဒါပေမဲ့ ရုံပေါ် ကို ရောက်မလာဘူး။ ဟာသဇာတ်ကားတွေ ရောက်လာတယ်။ ကိုယ်ရိုက်ကူးထား တဲ့ ဒရာမာ ဇာတ်ကားတွေကို ရုံပေါ် တော့ တင်စေချင်တယ်။ မတင်တော့ ကျွန်တော် လည်း မတတ်နိုင်ဘူးလေ။ နောက်တစ်ခုက အမြဲတမ်း ဟာသဇာတ်ကား တွေချည်းပဲဆိုတော့ တစ်ခါ တစ်ခါပရိသတ် အီလာနိုင်တာပေါ့လေ။ အဲဒီတော့ အပြောင်းအလဲ လေးဖြစ် အောင်ရုံတင်ပေးကြပါ”လို့ ပြောပါတယ်။ သားလေးတစ်ယောက်နဲ့ ပျော်ရွှင် တဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်အနေနဲ့ သားလေးရော ဘာတွေ ပြောင်းလဲနေပြီလဲလို့ မေးကြည့်တဲ့အခါမှာတော့ မြင့်မြတ်က . . .

”သားလေးက တော်တော်တတ်နေပြီ။ ဟုတ်လား၊ မဟုတ်လားတော့ မသိဘူး။ စကားတွေတော့ ပြောနေတာပဲ။ ကျွန်တော်လည်း နားမလည်ဘူး။ သူ့အမူအယာ လေးတွေက ကျွန်တော့်ကို ရီပြတယ်။ အထူးသဖြင့် ကျွန်တော်နားမလည်တဲ့ စကားတွေပြောတယ်။ သူ့အမေ လည်း နားမလည်ဘူး။ ပြောတော့ပြောတယ်။ ဘာပြောမှန်းတော့ နားမလည်ဘူး (ရယ်လျက်)။ ကျွန်တော်လည်း နယ်တွေဘာတွေ သွားရိုက်တာကြာမယ်ဆိုရင် သူ့ကိုခေါ်သွားတယ်။ အဲဒီအခါမျိုးကျရင် ထမင်းရပ်စားတဲ့ အချိန်ကျရင် ဒီကောင့်ကို တော်တော် ချစ်ကြတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here