ထားခဲ့ရက်သူတွေကို မေတ္တာထားနိုင်အောင် ကြိုးစားနေတဲ့ မိတ်ကပ်ပညာရှင် ခင်စန်းဝင်း

0
683

မကြီးစန်းရယ်လို့ ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြတဲ့ မိတ်ကပ်ခင်စန်းဝင်းကတော့ လက်ရှိမှာ သရုပ်ဆောင် တစ်ဦးအဖြစ် ဒါရိုက်တာ ပြည်ဟိန်းသီဟရိုက်ကူးတဲ့ ‘ကျားကျားကြိုက်ကြိုက်’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာ ပါဝင်ဖြစ်ကြောင်းနဲ့ သရုပ်ဆောင်မှု အပိုင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“ပရိုဂျူဆာက မကြီးကို ဒီဇာတ်ကားမှာ ပါဝင်ကူညီဖို့ ဖိတ်ခေါ်တဲ့အတွက် ရိုက်ကူးဖြစ်တာပါ။ ပုံစံကတော့ အပြင်က ခင်စန်းဝင်းပါပဲ။ ဟာသကားဆိုတော့ နည်းနည်းရယ်စရာလေးတွေ လုပ်ရမှာပေါ့။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သတ်ပြီး ကြိုတင်ပြီး လေ့ကျင့်ရတာမျိုးတော့ မရှိပါဘူး။ ကိုပြည်ဟိန်းသီဟက ရိုက်ကွင်းပေါ်ရောက်မှ ဒိုင်ယာလော့ချပေးတဲ့အပေါ် ကိုယ်အိုက်တင်လုပ်လိုက်တာဘဲ။ အဝတ်စားပိုင်းကလည်း မကြီး အပြင်မှာ ဝတ်တဲ့အတိုင်းပေါ့ ပေါ့ပေါ့ပါးပါးပါပဲ။ ဒီဇာတ်ကားကတော့ ပရိသတ်ကို ဘယ်လို အသိပညာပေးမလဲတော့ မသိဘူး။ ဒါပေမယ့် ရယ်တော့ ရယ်ရမှာ။ မကြီးတို့ ရိုက်နေရင်းနဲ့ကို ရယ်နေရတာ ဆိုတော့လေ။ ဒီဇာတ်ကားကို လာကြည့်တဲ့ ပရိသတ်တွေအနေနဲ့ ဘဝအမောတွေ ပြေစေမယ့် ဇာတ်ကားတစ်ကား ဖြစ်မှာပါ” လို့ ပြောပြခဲ့ပါတယ်။

မိတ်ကပ်ပညာရှင် တစ်ယောက်အနေနဲ့ သရုပ်ဆောင် လုပ်တဲ့အခါမှာ ဝေဖန်မှုတချို့နဲ့ ပတ်သက်ပြီးလည်း . . .

“ပရိသတ်ထဲမှာ ပရိသတ်အမျိုးမျိုး ရှိတာပေါ့နော်။ ပြီးတော့ မကြီးတို့ကို အားပေးတဲ့သူ ရှိသလို ဝေဖန်တဲ့သူ ရှုံ့ချတဲ့သူတွေလည်း ရှိတယ်။ ဝေဖန် ရှုံ့ချတဲ့သူတွေကတော့ မကြီးတို့မှ မဟုတ်ဘူး။ နာမည်ကြီးတဲ့ အကယ်ဒမီ မင်းသား၊ မင်းသမီးတွေကိုတောင်မှ သူတို့အမြင်နဲ့ ကြည့်ပြီးတော့ ဝေဖန်တာမျိုး ရှုံ့ချတာမျိုး အပြစ်တင်တာမျိုးတွေ ရှိကြတာဆိုတော့ မကြီးတို့လို အနေအထားလောက်ကတော့ ဘာမှ ပြောစရာ မလိုပါဘူး။ ဒါတွေကို သွားတားဆီးလို့ မရသလို စိတ်ဆိုးလို့လည်း မရပါဘူး။ တစ်ဘက်မှာလည်း ကိုယ်တွေကို အားပေးတဲ့သူတွေ ရှိတယ်လေ။ အဲ့ဒီ့တော့ မကြီးတို့ ချစ်တဲ့ ပရိသတ်ရော မုန်းတဲ့ပရိသတ်အတွက်ရော ရှင်သန်လှုပ်ရှားနေရဦးမှာပါ” လို့ ပြောပြခဲ့ပါတယ်။ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးလည်း ဆက်လက်မေးမြန်းခဲ့ရာ “မကြီးအချစ်ရေးကတော့ အခုလက်ရှိ တစ်ယောက်တည်းပါပဲ။ မကြီးကို ချစ်တဲ့သူတွေကလေ တကယ်တမ်းကျတော့ ယောက်ျားလေး သဘာဝအရ သာ ဖြတ်သွားတာပါ။ သူတို့ မကြီးအပေါ်မှာ မေတ္တာလည်းရှိတယ်။ ချစ်လည်း ချစ်ကြတယ်။ မကြီးနဲ့ တွေ့သူတွေ လူကောင်းလေးတွေများတယ်။ မိုက်မိုက်ရိုင်းရိုင်းထဲမှာ မပါတဲ့အခါကျတော့ မကြီး ကံကောင်းပါတယ်။ အဲ့ဒီတော့ သူတို့ကိုယ့်အပေါ် ကောင်းခဲ့တာလေးကိုငဲ့ပြီးတော့ မကြီးမေတ္တာထားနိုင်အောင် ကြိုးစားပါတယ်” လို့လည်း ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here