အမြဲတမ်း ရိုးရိုးလေးနဲ့သာ အတွေ့များသော အိချောပိုက ဒီဇိုင်နာ မပုံ့ရဲ့ Zoey ဆိုင်ဖွင့်ပွဲမှာ Fashion တစ်မျိုးနဲ့ အမြင်ဆန်းနေ တာကို ပရိသတ်ကြီးတွေ့ရမှာပါ။ Fashion အသစ်နဲ့ တစ်မျိုးလေး လှနေတာကို အိချောပိုက ”မပုံ့ရဲ့ခြောက်မိုင်ခွဲမှာရှိတဲ့ Zoey ဆိုင်သစ်ဖွင့်ပွဲမှာ မပုံ့က စီစဉ်ပေးထားတဲ့ ဒီဇိုင်းလေး နဲ့ပွဲတက်ရမယ်ဆိုလို့ ဝတ်ဆင်ဖြစ်တာပါ။ အိချောကတော့ ဒီလိုပုံစံမျိုး ဝတ်နေကျတော့ မရှိဘူး။ ဝတ်လေ့လည်း မရှိဘူး။ ဒါပေမယ့် ဖိတ်စာထဲမှာလည်း ဒီပုံစံလေး ဝတ်ဆင်ရမယ်ဆိုလို့ အိချော ဝတ်ဆင်ဖြစ်တာပါ”လို့ ပြောပြပါတယ်။ Fashion နဲ့ပတ်သက်ရင် ရှုပ်ယှက်ခက်နေတဲ့ ပုံစံမျိုးက အိချောနဲ့ မလိုက်ဖက်ဘူးဆိုတာကိုလည်း ”အိချောက တအားရှုပ်တဲ့ ဒီဇိုင်းဆို မလိုက်ဘူး။ ဝတ်ခဲတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျတော့လည်း ဒီဇိုင်နာတွေ၊ စတိုင်လစ်တွေက ဝတ်ရမယ်ဆိုဝတ်ဆင်ဖြစ်တယ်။ အိချောကို မြန်မာဝတ်စုံနဲ့ ပိုလိုက်တယ်လို့လည်း ပရိသတ်တွေတော်တော်များများက ပြောကြတယ်။အိ ချောက ရိုးရိုးလေးတွေဝတ်ရတာ ကြိုက်တယ်။ Free Style တွေ ဝတ်ရတာ ပိုကြိုက်တယ်”လို့လည်း အိ ချောပိုက ပြောပြပါတယ်။
၂ဝ၁၉ ထဲမှာ အိချောကတော့ ကိုယ်ရိုက်တဲ့ ဇာတ်ကားထဲမှာ ကာရိုက်တာအရ လိုက်ဖက်ညီအောင်ဝတ်ဆင်ဖြစ်မယ်။ သရုပ်ဆောင်ဆိုတာကတော့ ဘယ်အရာမဆို ဝတ်ဆင်ရမှာပဲလေ။ ကိုယ်နဲ့ လိုက်ဖက်မှုရှိတာ၊ မရှိတာက တစ်ခဏပါလို့လည်း သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် အဝတ်အစားရွေးနေလို့ မရဘူးဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ စတိုင်လစ်တွေ ပေါ်လာတဲ့အတွက်သရုပ်ဆောင်ပိုင်းကို ပိုပြီးအားစိုက်ပြီး လုပ်သွားနိုင်တယ်ဆိုတာကိုလည်း အိချောတို့ သရုပ်ဆောင်တွေက တစ်ခါတစ်လေကျရင် သရုပ်ဆောင်ပိုင်းကိုပဲ စိတ်ထည့်ချင်တယ်လေ။ စတိုင်လစ်တွေမရှိတုန်းကဆို သရုပ်ဆောင်အပိုင်းရော၊ အဝတ်အစားအပိုင်းရော၊ မိတ်ကပ်ရော တစ်ယောက်တည်းပဲ အကုန်လုံး စဉ်းစားရတယ်။ အခုလိုမျိုး စတိုင်လစ်တွေပေါ်လာတဲ့ အခါကျတော့ အိချောတို့အတွက် သက်သာတယ်။ သရုပ်ဆောင်ပိုင်းကို အပြည့်အဝ ပိုပြီးအာရုံစိုက်လို့ရတယ်”လို့ ပြောပြခဲ့ပါတယ်။ အကယ်ဒမီပွဲနဲ့ ပတ်သက်ပြီးတော့လည်း အိ ချောပိုက ”အကယ်ဒမီပွဲက နီးလာပြီဆိုပေမယ့် အိချောကတော့ အေးဆေးပါပဲ။ ကိုယ်ပါဝင်ထားတဲ့ ဇာတ်ကားလေးတွေကိုလည်း အတတ်နိုင်ဆုံးကြိုးစားထားတယ်။ တခြားအနုပညာရှင် ကိုယ့်ရဲ့အစ်ကိုတွေ၊ အစ်မတွေအတွက်လည်း ရင်ခုန်ပေးနေပါတယ်”လို့ ပြောပြခဲ့ပါတယ်။
ခိုင်ဝါဝင်း၊၊ ဓာတ်ပုံ – ဇော်ဝင်းအောင်