ထိုင်းက မြန်မာတွေအားပေးမှုအများဆုံး အဆိုတော်တွေထဲမှာ ၂ နှစ်ဆက်တိုက်ပါဝင်နေတဲ့ ပိုပို

0
194

ပထမ ဆုံးတစ်ကိုယ်တော်အခွေ ‘ချစ်ဖူးခဲ့သမျှ’ ပေါက်ခဲ့စဉ်တုန်းးက City FM ဆုနဲ့လွဲခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက ဘယ်သူမှမသိအောင် တိတ်တဆိတ် ထွက်ခွာခဲ့ပြီး အိမ်မှာ တစ်ယောက်တည်း ငိုခဲ့ဖူးတယ်လို့ ပိုပိုက နှစ်တွေ အများကြီးကြာမှ ပြန်လည်ပြောပြဖူးတယ်။ အခုလည်း ဒီနှစ် City FM ဆုပေးပွဲ ဆန်ခါတင်စာရင်းမှာ ပိုပိုပါလာခဲ့တယ်။ သို့သော် ဆုနဲ့လွဲခဲ့ပြန်ပြီ။ ဆုမရခဲ့ပေမယ့် ပိုပိုက အလှူတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ မှော်ဘီမြို့နယ်က မဟာဝိဟာရကျောင်းမှာပါ။ မဟာဝိဟာရပင်မ သုံးထပ် စာသင်ဆောင်အတွက် အလှူငွေကျပ် ၆ သိန်း၊ အဆိုတော် ရေမွန် (idiots) ဆီက နိဗ္ဗာန်ဆော် လုပ်ပြီးရတဲ့ အလှူငွေ ၁ သိန်း လှူဒါန်းဖြစ်ခဲ့တာပါ။ ဒါ့အပြင် သံဃာတော် အပါး ၁၁ဝဝ အတွက် ဖရဲသီးအလုံး ၅ဝ ကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။

”ပိုစဉ်းစားပြီးသားပါ။ ဆုရရ၊ မရရ မဟာဝိဟာရကျောင်းမှာ လှူဖို့ စဉ်းစားပြီးသားပါ။ အဲဒီက ဘုန်းဘုန်းတွေက ခေါင်းရိတ်ဖို့ ဘလိတ်ဓားတွေ လိုအပ်တယ်။ ပြီးတော့ ဆေးဝါးတတ်နိုင်သလောက်လေး လှူဖို့အစီအစဉ်က ရှိပြီးသားပါ။ ဆုရခဲ့ရင်တော့ ပရိသတ်တွေက ပေးတဲ့ဆုဆိုတော ပျော်စရာ ပိုကောင်းတာပေါ့။ ဒါပေမဲ့ ဆုမရလည်း လှူမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပိုက အလှူအမြဲတမ်းလုပ်နေတယ်။ မလှူရရင် တစ်ခုခုကို မကျေနပ်ဘူးဖြစ်နေတာ။ ‘ငါ ဒီလတော့လှူရဦးမယ်။ လှူရဦးမယ်’ဆိုပြီး အမြဲတမ်းဖြစ်နေတာ။ အဲဒါကြောင့် လှူဖြစ်တာပါ” လို့ ပိုပိုက ပြောပါတယ်။ တစ်ကိုယ်တော် အခွေ ၃ ခွေ ထွက်ရှိထားပြီးဖြစ်တဲ့ ပိုပို့ရဲ့ သီချင်းတွေက အခုချိန်ထိ လတ်ဆတ်နေဆဲပါ။ ထိုင်းနိုင်ငံက မြန်မာ ပရိသတ်တွေ အားပေးမှု အများဆုံး အဆိုတော်ထဲမှာ ပိုပိုလည်း ပါဝင်ပါတယ်။

”ဒီရက်ပိုင်းအတွင်း Ring Tune ဝယ်မယ်ဆိုတော့ ရောင်းမယ်ပေါ့။ ဘယ်လောက်၊ ဘယ်လောက် ကျတယ်ဆိုပြီး ပြောလိုက်တယ်။ အဲဒီ အထဲမှာ ‘ငါ့ဘဝနဲ့ငါ’ သီချင်းပါတယ်။ စဉ်းစားကြည့်မိတာ တကယ်တမ်း မြန်မာနိုင်ငံမှာ ပို့သီချင်းပေါက် တယ်ဆိုလို့ရှိရင် ‘ချစ်ဖူးခဲ့သမျှ’ ပေါက်တယ်။ ‘မချစ်ရင်’၊ ‘ဘာမှမလိုဘူး’၊ ‘မေ့နေပြီလား’၊ ‘မင်းကို မချစ်လို့ မဟုတ်ဘူးကွယ်’ ဒါ ပရိသတ် အကြိုက်ဆုံး သီချင်းတွေပေါ့။ ‘ငါ့ဘဝနဲ့ငါ’ ဘာဖြစ်လို့ပါနေလဲလို့ မေးကြည့်လိုက်တော့ အဲဒီသီချင်းက ထိုင်းမှာ ပိုပို့ သီချင်းတွေထဲမှာစီလိုက် လို့ရှိရင် နံပါတ် ၃ ချိတ်တယ်တဲ့။ ဆိုတော့ အရမ်းအံသြသွားတယ်။ အဲဒီသီချင်းတွေ လူကြိုက်နေသေးတယ် ဆိုတာကို အံသြတာပေါ့နော်။ အဲဒါနဲ့ ဖေ့စ်ဘုတ်ခ်ပေါ် တင်လိုက်တာ။ ပြီးတော့ ထိုင်းက မြန်မာတွေ အားပေးတဲ့အထဲမှာ ပိုက ၂ နှစ်ဆက်တိုက် နံပါတ် ၃ ချိတ်တယ်ဆိုတော့ ပျော်လို့ပါ” လို့ ပိုပိုက ပြောပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here