ထန်းမရှိမှ လွမ်းမိကြ လိမ့်မယ်
တစ်သောင်းအတွက်နဲ့
ရောင်းရက်ခဲ့သလား သခင်ရယ်။
အကျွန့်နို့ရည်ကို စားသုံး
အကျွန့်လက်ရုံးမှာ မှေးစက်
သခင့်အတွက်ဆို လိုရာပြည့်စေဖို့
အခါခါ ဖြည့်ဆည်းပေးလို့ရယ်
နွေးထွေးခဲ့တယ်။
အမိုးအတွက်လိုလည်း မငြင်းခဲ့
အခင်းဖို့ဆိုလည်း မငြူစူ
ကြည်ဖြူစွာ သခင်သဘောကျပါပဲ
သြော် . . .
ပြောရရင်ဖြင့် မယုံနိုင်ဖွယ်
လောဘအမြင်နှင့် အကုန်ချိုင်ကွယ်
မေ့လွယ်ပြီပေါ့ အခုများ။
အခစား မပျက်ခဲ့ပါသလေ
(သခင့်ရဲ့ )
အဖဘုရားလက်ထက်ကတည်းရယ်က
စွဲမြဲစွာ အမှုတော်ထမ်းသူပေါ့
အသည်းကွဲစရာ
ယခုသော် နန်းနှင်ချပါလို့
စခန်းပြင်ပမှာဖြင့်
ထန်းပင်ဘဝ နေဝင်ပြီကွယ်
ရွှေသခင်ရယ်
အမျက်တော်ငြိုးလိုက်ပုံက
အဖိုးထိုက်တာ အလွန်မသိရော့သလား
အကျွန်မရှိတော့ အခါများဝယ်
(သခင့်အပူတွေကိုလေ)
တားဆီးကာ ဘယ်သူပေးလေပါ့မယ်
(ကွယ်) တွေးပူမိသား
နေမိုးအိမ် (ရွှေရင်းမြေ)