ဆရာတော် ရှင်ဆန္ဒာဓိကရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ဒါရိုက်တာသြရသက ရိုက်ကူးပုံဖော်ထားကာ နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့နဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးက ရုပ်ရှင်ရုံတွေမှာ ၁၁ ပတ်မြောက်အထိ ရုံတင်ပြသနိုင်ခဲ့ပြီး စံချိန်သစ်အနေနဲ့ တင်သွားခဲ့ပါတယ်။
မုန်းစွဲဇာတ်ကားကို ပရိသတ်တွေက အားပေးကြပြီး ရုံတင်တာ စံချိန်သစ်တင်သွားတဲ့အတွက်တအားကို ပျော်ရွှင်မိတယ်ဆိုတာကို ထုတ်လုပ်သူဖြစ်တဲ့ ကိုဝေမင်းမောင်က မုန်းစွဲက ထုတ်လုပ်သူ တစ်ယောက်အနေနဲ့ ပိုက်ဆံကလည်း ရတယ်။ ပရိသတ်ကလည်း သဘောကျတယ်။ အခုလိုမျိုး ပရိသတ်ကြိုက်တဲ့ကားက Drama ကားဆိုတော့ အစ်ကိုက ထုတ်လုပ်သူတစ်ယောက်အနေနဲ့ ပိုသဘောကျတယ်။ ပြီးတော့ မုန်းစွဲရုပ်ရှင်ဇာတ်ကားက သာသနာ ပြုဇာတ်ကားနဲ့ စံချိန်တင်တယ်။ ကိုယ်ကလည်း ဗုဒ္ဓဘာသာဖြစ်တဲ့ အတွက် ကိုယ့်ဗုဒ္ဓဘာသာဇာတ်ကားနဲ့ စံချိန်တင်တယ်။ ပရိသတ်တွေက အသိအမှတ်ပြုတဲ့အတွက် ဂုဏ်လည်းယူတယ်။ ကိုယ်ကလည်း အမြတ်အစွန်း အများကြီးရတဲ့အတွက် အတိုင်းထက် အလွန်ပျော်ပါတယ်လို့ ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး ပြောပြတာက ”ပရိသတ်အကြိုက်နဲ့ ကိုယ့် အကြိုက်က ထပ်တူကျသွားတယ်ဆိုတာကိုလည်း ကျွန်တော်ထုတ်လုပ်သူတစ်ယောက်အနေနဲ့ တခြားကားတွေ အများကြီး ရိုက်ကူးဖူးတယ်။ တချို့ သောကားတွေမှာ ပရိသတ်အကြိုက်နဲ့ ကိုယ့်အကြိုက်ထပ်တူမကျတာတွေ ရှိတယ်။ ကိုယ်က တအားကြိုးစားထားတယ် အများကြီး ရင်းနှီး မြှုပ်နှံထားပေမယ့်လည်း ပရိသတ်က သိပ်မကြိုက်တာတွေ ရှိတယ်။ ကိုယ်က သိပ်မကြိုက်ပေမယ့်လည်း ပရိသတ်က အားပေးတဲ့ဇာတ်ကား တွေလည်းကြုံဖူးတယ်။ ပရိသတ်နဲ့ ကိုယ်ကတစ်သား တည်းကျဖို့ဆိုတာ တအားခက်တယ်။ အခုမုန်းစွဲ ဇာတ်ကားကတော့ ပရိသတ်နဲ့ တစ်သားတည်း အကျလွန်သွားတယ်”လို့ ဝေမင်းမောင်က ပြောပြခဲ့ပါတယ်။ အကယ်ဒမီနဲ့ပတ်သက်ပြီးတော့လည်း ဝေမင်းမောင်က ”အကယ်ဒမီ ပေးပွဲကနီးလာတဲ့အခါ ပရိသတ်တွေရော၊ အနုပညာရှင်သမားတွေရော၊ မီဒီယာတွေကပါ မုန်းစွဲဇာတ်ကားကို အကယ်ဒမီ ပေးနေကြတယ်။ ကျွန်တော်ကတော့ရရင် အားလုံး လိုချင်ပါတယ်။ မင်းသား၊ မင်းသမီး၊ ဇာတ်ညွှန်း၊ ဇာတ်ပို့၊ အသံ အားလုံးကောင်းတယ်။ ဇာတ်ကား ကောင်းတစ်ကားဖြစ်ဖို့ဆိုတာ အားလုံးကောင်းလို့ဖြစ် တာလေ။ မင်း သားပဲဖြစ်ဖြစ်၊ မင်းသမီးပဲဖြစ်ဖြစ်၊ ဒါရိုက်တာပဲဖြစ်ဖြစ်၊ ချွန်ပြီး ကောင်းနေလို့ မရဘူး။ အားလုံးပေါင်းပြီး ကြိုးစားထားတဲ့အရာ ဖြစ်တဲ့ အတွက် အကယ်ဒမီကို အကုန်လုံးကိုရစေချင်တယ်။ အကယ်ဒမီရခြင်း၊ မရခြင်းထက် အခုလိုထင်မြင်ချက်ပေးတာနဲ့တင် ပျော်နေပါပြီ”လို့ ပြောပြခဲ့ပါ သေးတယ်။
ခိုင်ဝါဝင်း၊ ဓာတ်ပုံ-အောင်ဇော်မင်း