ငါ့အဖေရဲ့ ကိုယ်တစ်ပါးဓာတ်ပုံဟာ
အိမ်ဦးခန်းဝါးထရံမှာ ခန့်ခန့်ညားညား
ငါ့အဖေဟာ သူရဲကောင်းကြီးပေါ့။
ဓာတ်ပုံရဲ့ ဘေးတစ်ဖက်စီမှာ
ဆုတံဆိပ်တွေချိတ်ထား
ကျေးရွာ မြို့နယ်ကနေ
နိုင်ငံတော်အဆင့်ထိ ။
ငါငယ်ငယ်က ငါ့အဖေရဲ့
သူရဲကောင်းဆုတံဆိပ်တွေ ကြည့်ပြီး
သူရဲကောင်းတစ်ယောက်လို ဝင့်ကြွားခဲ့
တစ်ချိန်မှာ ငါ့အဖေလို ဆုတံဆိပ်တွေ
ရယူနိုင် ရမယ်ပေါ့
ငါ့အမေလည်း သူရဲကောင်းတစ်ယောက်ရဲ့
ဇနီးဖြစ်ရတာ ဂုဏ်ယူမဆုံး ။
”ဘုရားသခင်ပေးတဲ့ဆုပေါ့ကွ
ဘုရားသခင်ပေးတဲ့ဆုပေါ့”လို့
ငါ့အဖေဟာ
မကြာခဏ ပြောနေတတ်တဲ့အကြောင်း
ငါ့အမေက ငါ့ကိုပြန်ပြောပြခဲ့တာ ။
ငါတွေးတာက ဘုရားသခင်ဟာ
ငါ့အဖေအတွက်
ဆုတံဆိပ်တွေသာ ပေးခဲ့ပြီး
ခြေထောက်တွေကို ဘာဖြစ်လို့
ပြန်မပေးခဲ့တာလဲ ဆိုတာပဲ ။
အရင်က ငါ့အမေ
ငေးငေးကြည့်နေတတ်တဲ့
အိပ်ခန်းအဝင်ဝက
နှစ်ယောက်တွဲဓာတ်ပုံထဲ
ငါ့အမေဟာ ငါ့အဖေကို
ဝှီးချဲပေါ်တင် တွန်းရင်း ပြုံးလို့
အခုတော့
ငါ့အမေ မုဆိုးမဟာ
အဲဒီ့ဓာတ်ပုံကိုမြင်လည်း
မျက်ရည်မကျတတ်တော့ဘူး
ငါလည်း သူရဲကောင်းတစ်ယောက်
မဖြစ်ချင်တော့ဘူး ။ ။
နေဇင်ဦး