အကယ်ဒမီပေးပွဲမှာ ကိုယ့်တိုင်းရင်းသား ရိုးရာဝတ်စုံကိုပဲ ဝတ်ဖြစ်မယ် ခင်လေးနွယ်

0
226

အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘဲ စီးပွားရေးလုပ်ငန်းတွေပဲ လုပ်ကိုင် ဖြစ်နေတဲ့ အနုပညာရှင်ကတော့ ခင်လေးနွယ်ပါ။ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ဖြစ်နေတဲ့အကြောင်းကို ခင်လေးနွယ်က . . .

”အစ်မ စီးပွားရေး လုပ်ဖြစ်နေတယ်ဆိုတာ အသက်အရွယ်ကြောင့်လည်းပါမယ်။ အသက်အရွယ် တစ်ခုရောက် လာတဲ့အချိန်မှာ စီးပွားရေးလုပ်ချင်တယ်ဆိုပြီး အစ်မစဉ်းစားမိတယ်။ အဲဒီအချိန်တုန်းက အနုပညာအလုပ်လည်း လုပ်နေပေမယ့်  စီးပွားရေးလည်း လုပ်ချင်တယ်။ သူငယ်ချင်းတွေကလည်း လုပ်ဖို့အားပေးတယ်။ လက်တွဲလည်းခေါ်တယ်။ အနုပညာ အလုပ်ဖြစ်တဲ့ ဇာတ်ကားရိုက်လည်း လုပ် နေတယ် ၊ စီးပွားရေးလည်း လုပ်နေတယ်ဆိုရင် တစ်ဘက်ဘက်မှာ အားနည်းသွားမှာစိုးတယ်။ အဲဒီ အချိန် ကားရိုက်ကို နားလိုက်တယ်။ စီးပွားရေးကိုပဲ ပိုလုပ်ဖြစ်နေတယ်။ အနုပညာအလုပ်မှာလည်း စိတ်ဖိစီးမှုရှိတယ်။ စီးပွားရေးမှာလည်း စိတ်ဖိစီးမှုရှိတယ်။ ဒါပေမဲ့ နှစ်ခုစလုံးကို ပျော်တယ်။ အနုပညာအလုပ် လုပ်ခဲ့တော့ စီးပွားရေးလုပ်တဲ့အချိန်မှာ အထောက်အကူပြုတယ်”လို့ ပြောပြပါတယ် ။ အကယ်ဒမီ ပေးပွဲနီးလာတဲ့အတွက် အကယ်ဒမီပွဲတက်ဖြစ်ရင်လည်း ကိုယ့်တိုင်းရင်းသား ရိုးရာဝတ် စုံကိုပဲဝတ် ဖြစ်မယ် ဆိုတာကိုလည်း ”အစ်မက ကိုယ့်ရဲ့ ရိုးရာဝတ်စုံဝတ်ရတာ တအားသဘောကျတယ်။ ဒီဇိုင်နာမပုံ့ကလည်း အစ်မဝတ်ချင်တဲ့ ပုံစံအတိုင်းပြောလိုက်ရင် သူကလည်း အဲဒီအတိုင်းရအောင် ချုပ်ပေးတယ်။ အဓိကအစ် မရိုးရာ ဝတ်စုံကို ဝတ်ဖြစ်တာက အကယ်ဒမီပေးပွဲမှာ ဝတ်ဖြစ်တယ်။ အကယ်ဒမီပွဲမှာ ဝတ်ဖြစ်တယ်ဆိုတာက တစ်နိုင်ငံလုံးက ကြည့်နေတဲ့အချိန်၊ ကိုယ့်ရဲ့ရိုးရာဝတ်စုံလေးကို အစ်မဝတ်လိုက်တဲ့ အချိန်မှာ လူတွေပို စိတ်ဝင်စားတယ်။ တိုင်းရင်းသား ဝတ်စုံလည်း ဖြစ်နေတဲ့ အချိန်ကျတော့ အစ်မတို့လူမျိုးတွေကို အဲဒီအချိန်ကနေစပြီး ပိုအသိအမှတ်ပြုလာတဲ့ အတွက်လည်း အစ်မပျော်တယ်။ နှစ်နှစ်၊ သုံးနှစ် ဆက်တိုက်ဝတ် ဖြစ်တယ်။ အစ်မတို့ ရိုးရာဝတ်စုံတွေက မြို့နယ် အလိုက် ဝတ်စုံမတူဘူး။ အစ်မ မဝတ်ဖူးတာတွေ အများကြီးရှိတယ်။ ရှေ့လျှောက် ပြီးတော့လည်း ဝတ် ဦးမယ်။ ကိုယ့်လူမျိုး ဝတ်စုံဝတ်ရတဲ့ အတွက် ဂုဏ်ယူတယ်။ အရင်တုန်းက လူငယ်တွေဆိုရင် ရိုးရာဝတ်စုံ သိပ်မဝတ်ကျတော့ဘူး။ သိပ်မဝတ်တော့ ပျောက်သလိုဖြစ်သွားမှာ အစ်မလည်း ကြောက်တယ်။ လူငယ်တွေက ရိုးရာဝတ်စုံတွေကို မလှဘူးလို့ပဲ ထင်ကြတာလေ။ အကယ်ဒမီ ပွဲတက် ဖြစ်ရင်တော့ အစ်မမဝတ်ဖူးသေးတဲ့ ရိုးရာဝတ်စုံကို ဝတ်ဖြစ်မယ် ထင်တယ်” လို့ ခင်လေးနွယ်က ပြောပြခဲ့ပါသေးတယ်။ အနုပညာအလုပ်တွေ ပြန်မလုပ် ဖြစ်သေးဘူး ဆိုတာကိုလည်း ခင်လေးနွယ်က” အစ်မ ကား ပြန်ရိုက်ဖို့တော့ အစီအစဉ် မရှိသေးဘူး။ အစ်မပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်အောင် တော့ အစ်မ Facebook မှာ အစ်မရဲ့ Activity တွေကိုအမြဲတမ်း လိုလိုတင်ပေးဖြစ်တယ်။ အစ်မစီးပွားရေးလုပ်ငန်းကို ပိုအာရုံစိုက်ပြီး လုပ်ချင်သေးတယ်” လို့ ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း ၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here