ဖခင်ဖြစ်သူ နိုင်မြန်မာဆီက ရလိုက်တဲ့ ဂီတအမွေနဲ့ ရွှေဘုံနိဒါန်းစတူဒီယိုကိုပဲ့ကိုင်နေသူ ရာဇဝင်

0
520

ရာဇဝင်က တေးရေးဆရာ၊ ကဗျာဆရာ နိုင်မြန်မာရဲ့ သားလတ်။ နာမည်ရင်းကတော့ မင်းရဲမြန်မာလို့ ခေါ်တယ်။ သူက ဟစ်ဟော့ပ်အဆိုတော်ဗျူဟာရဲ့ ညီလည်းဖြစ်သလို သူတို့ညီအစ်ကိုတွေရဲ့ သီချင်းတွေ မွေးထုတ်ပေးရာ ရွှေဘုံ နိဒါန်း Music Production ရဲ့ Audio Engineer တစ်ယောက်လည်းဖြစ်တယ်။ ၂ဝဝ၈ ခုနှစ်လောက်ကနေ စခဲ့တဲ့ ရွှေဘုံ နိဒါန်းစတူဒီယိုရဲ့ အစက အခက်အခဲတွေအများကြီးနဲ့ပါ။ ရာဇဝင်ကိုယ်တိုင်လည်း အသံဖမ်းတာတွေ၊ သီချင်းတီး တာတွေကို စာအုပ်တွေဝယ် ဖတ်၊ Youtube တွေကနေ လေ့လာရင်းစတင်ခဲ့ရတယ်လို့သိရပါတယ်။ အခုဆိုရင် ရွှေဘုံနိဒါန်းကနေ သင်တန်းတွေတောင်ဖွင့်ပေးတဲ့အနေအထားကို ရောက်ရှိလို့လာပါပြီ။ ”Fruity Loop ဆိုတာ Beat တွေ ဖန်တီးတဲ့ Software ပေါ့နော်။ အဲဒါကို ကျွန်တော်သင်တယ်။ Basic Level ရယ်၊ Advance Level ဆိုပြီး Level ၂ ခုခွဲပြီးသင်တယ်။ Course တွေကို သေသေချာချာရေးရတာပေါ့။ သင်ပေးရင်းသင်ပေးရင်းနဲ့ တဖြည်း ဖြည်းတော့ ဘယ်လိုလူမျိုးတွေကို ဘယ်လိုသင်ရင် ပိုပြီးတော့ နားလည်လွယ်မလဲပေါ့။ Theory တွေကလည်း စာအုပ် ဖတ်တာလည်းရှိတယ်။ တချို့ဟာတွေကျတော့လည်း ကိုယ့်ဘာသာကိုယ်ရှာဖွေပြီးတော့ သင်ရတယ်။ ရှာရှာဖွေဖွေပေါ့။ သင်တန်းဖွင့်တယ်ဆိုတာလည်း သင်တန်းအကြီးကြီးမဟုတ်ပါဘူး။ ဒီမှာအသံလာသွင်းနေတဲ့ လူငယ်တွေထဲက တတ်ချင်လို့ရှိရင် သင်ပေးတာပါ။ တစ်ခါသင်ရင် တစ်ယောက်နှစ်ယောက်လောက် အတွဲလိုက်လေးပေါ့။ လောလော ဆယ်တော့ ရှေ့သင်တန်းက ပြီးသွားပြီ။ မရှိသေးဘူး။ ပြန်စရမှာ”လို့ ရာဇဝင်က ပြောပါတယ်။ ဖခင်ဖြစ်သူ နိုင်မြန်မာဆီက သူတို့ညီအစ်ကိုတွေရရှိလိုက်တဲ့ ဂီတအမွေအကြောင်းကိုလည်း ရာဇဝင်က…

”အဖေ့ဆီကနေ ပညာတွေ အများကြီးရတာပေါ့။ အဖေဆိုတာ ကျွန်တော်တို့ရဲ့ လက်ဦးဆရာပဲ။ ဂီတနဲ့ ပတ်သက်ပြီးတော့ သီချင်းတွေရေးဖြစ်၊ ဆိုဖြစ်၊ တီးဖြစ်နေတယ်ဆိုတာ အဖေ့သွေးတွေကြောင့်ပဲ။ ငယ်ငယ်လေးကတည်းက ကျွန်တော်တို့ကို အိမ်မှာ သီချင်းရေးပြိုင်ပွဲ တွေလုပ်ပေးခဲ့တာ။ ညီအစ်ကို ၃ ယောက် စလုံးကိုလေ။ ကျွန်တော်ဆို ၃ တန်း ကလေးအရွယ်ကတည်းက သီချင်း စရေးခဲ့ရတာ။ အဖေက အိမ် မှာ ပြိုင်ပွဲလုပ်တယ်။ သား ၃ ယောက် ကို မင်းတို့သီချင်းရေးကြ။ ပထမဆု ဘယ်လောက်ပေးမယ်ပေါ့။ ကျွန်တော် ၃ တန်းအရွယ်မှာ ဂစ်တာတီးသင်ပေး တယ်။ အဲဒါနဲ့ ဒီဘက်လမ်းကြောင်းကို တဖြည်းဖြည်း ရောက်လာတာပေါ့” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here