မျက်ရည်ထူးခတ် နှုတ်ဆက်သွားသူရေ . .
အလင်းပျောက် ခရီးသည်တစ်ယောက်ရဲ့ အိပ်ရာလေး
သစ်ငုတ်အိုမှာ ချိတ်ဆွဲထားရစ်ခဲ့လား။
ရင်တလှပ်လှပ် ရှာဖွေနေခဲ့သူ
အိပ်မက်တွေ ကမ်းကပ်ခွင့်မရှိတဲ့
ရေစီးသံ ကြမ်းလွန်းပါရဲ့
မှီတွယ်ရာ ကမ်းပါးစောင်း
ဝါးမြိုမယ်စိတ်ကူးနဲ့ ပါးစပ်ဟလို့
ဟိုမှာ တစ်ဖက်ကမ်းဆီမှ
ဆည်းလည်းသံတွေ လေပြေမှာသေခဲ့။
နာကျင်တဲ့ရှိုက်ငိုသံကြောင့်
ခေါင်းထောင်ကြည့်တဲ့ ကိုင်းပင်တွေ
အားနာမိတယ်
ပြန်ဆုံဖို့ မမျှော်ဝံ့သူရဲ့ ခြေလှမ်းဟာ
အလွမ်းထဲ ဖြတ်ဝင်လို့
ရင်ဘတ်တစ်ခုလုံး ပက်ကြားအက်ခဲ့တယ်။
ဟိုတစ်စ သည်တစ်စ
အိမ်ပြန်သူ ဗျိုင်းတို့ရဲ့ တောင်ပံတွေကြား
အမှောင်ထုဟာ စုန်း စုန်းမြုပ်ခဲ့တယ်။ ။
လွန်းလင်းအိမ် (မြစ်ခြေ)