မျှော်လင့်ချက်မရှိစွာ စောင့်ရှောက်ခဲ့သမျှ
မျှော်လင့်ချက်မဲ့ခဲ့ရ
ရယူလိုစိတ်ဆိုတာ မထားခဲ့ဖူးတဲ့
သံယောဇဉ်တစ်ခုက
အနှောင်အဖွဲ့အသစ်ကြောင့်
ထားသွားခဲ့လေခြင်း
ဝတ္တရားလို့ အမည်ခံထိုက်ခဲ့ဖို့မဟုတ်
ရင်နဲ့ရင်းပြီး ချစ်ခဲ့ဖူးတဲ့အဖြူထည်မေတ္တာ
ဘဝနဲ့ရင်းပြီး မွေးထုတ်ထားခဲ့လေသမျှ
အရွယ်တွေအို ပျိုမြစ်ခြင်းကင်းမှ
ရှောင်ဖယ်ခွာ သည်အဖြူထည်မေတ္တာများ
ပါးရေတွေတွန့် နားတွေထိုင်းမှ
အဖော်တွဲစရာ သမီးသားမရှိ
တောင်ဝှေးလေးသာ ဖြစ်ခဲ့၏ ။
တံစက်မြိတ်ရဲ့ အမြင့်ကို
ကလေးလေးဟာ မကျော်နိုင်ခဲ့တော့
ကိုယ့်လက်ညှိုးက ဒီတောင်ကိုကျော်ဖြတ်စေခဲ့
သြော် ဘဝ ဘဝရယ်လို့
အိုဇာတာ ညံ့ခဲ့ခြင်းလား
ကုသိုလ်အထုံ နည်းခဲ့ခြင်းလား
မိရယ် ဘရယ်လို့ အိုစာလာတိုင်း
လူအိုရုံသာ ထိုက်တန်သတဲ့လေလား ။
ဝဋ်ကြွေးတွေဆိုတာ ဆပ်လို့မကုန်သောဥစ္စာ
ကံကြွေးတွေဆိုတာ အပ်လို့မကုန်သောပုစ္ဆာ
အဖြေရှာမရခဲ့သလို
အဖြေရှာမတတ်ခဲ့လေဘူး ။
အိုမင်းမစွမ်းတော့မှ မစွမ်းနိုင်လေတဲ့
ဒီခန္ဓာဟာ လူအိုရုံနှင့်သာထိုက်ခဲ့လေသလား
မိဘမေတ္တာရဲ့ရောင်ပြန်ဟပ်မှုက
သမီး၊ သား ကရုဏာမဟုတ်ပေဘူးလား
လူအိုရုံနှင့်သာ ထိုက်တန်ခဲ့လေသလား ။
ဆောင်းသီငှက်