ဥရောပနိုင်ငံတွေမှာသွားရောက်ကပြတဲ့အခါ ဝင်းသပြေထွန်း ရဲ့ ကြိုတင်ပြင်ဆင်မှု

0
516

အငြိမ့်မင်းသမီးဝင်းသပြေထွန်းက မလေးရှားနိုင်ငံမှာ သွားရောက်ကပြတင်ဆက်ခဲ့ပါတယ်။ မလေးရှားရောက် မြန်မာတွေကလည်း လာရောက် အားပေးခဲ့ကြပြီး သူတို့အားပေးတဲ့ မင်းသမီးကို ဆုငွေတွေလည်း ပေးခဲ့ပါတယ်။ ဝင်းသပြေထွန်းကတော့ သူ့အနေနဲ့ ပရိသတ်တွေဆီကနေ ဆုငွေတွေ ရရှိခဲ့ခြင်းအပေါ် ဝမ်းသာဝမ်းနည်းဖြစ်ခဲ့ရတယ်လို့လည်းပြောပါတယ် .. .

“မြန်မာတွေကြီးပဲ ကြည့်တဲ့ပွဲပေါ့။ တအားလည်းပျော်စရာကောင်းတယ်။ သူတို့က သူတို့ရတဲ့ လစာတွေထဲကနေပြီးတော့ ဆုချတယ်။ ပန်းတွေလည်း ဆုချတယ်၊ အရုပ်တွေလည်း ဆုချတယ်။ နောက်ပြီးတော့ ပိုက်ဆံတွေလည်း ဆုချတယ်။ သူတို့ တွေ အလုပ်လုပ်ပြီးတော့ ဆုချတယ် ဆိုတော့ စိတ်ထဲမှာ တစ်မျိုးလေး ခံစားရတယ်။ ဝမ်းနည်းတဲ့ခံစားမှုတော့ စိတ်ထဲမှာ တစ်မျိုးဖြစ်တယ်။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့သူတွေရဲ့ ချွေးနည်းစာနဲ့ ကိုယ့်ကိုလာပြီး ဆုချတဲ့အတွက် ဝမ်း သာဝမ်းနည်းတော့ဖြစ်မိတယ်”လို့ သူ့ရဲ့ခံစားမှုကို ဝင်းသပြေထွန်းက ပြောပြပါတယ်။ ပရိသတ်တွေရဲ့ ဆုချတဲ့ဆုငွေတွေကိုလည်း သူ့အနေနဲ့အလှူအတန်းတွေ ပြုလုပ်သွား မယ်လို့ ပြောပြပါတယ် . . .

“ဆုချလို့ရတဲ့ ပိုက်ဆံတွေကို သပ်သပ်ဖယ်ထားတယ်။ အရင်တုန်းကလည်း ဆုချလို့ရတဲ့ ပိုက်ဆံတွေကို ဖယ်ထားပြီးတော့ ဘုရားမှာရွှေချတာတို့ ရွှေသင်္ကန်း ကပ်တာတို့ တစ်ခုခုတော့ လှူဖြစ်တယ်။ အခုလည်း ဖယ်ထားတယ်။ အလှူတစ်ခုခုတော့ လုပ်မယ် လို့ ရည်ရွယ်တယ်။ ပရိသတ်တွေ ဆုချတဲ့ပိုက်ဆံကို တန်ဖိုးလည်းထားတယ်”လို့ ပြောပြပါတယ်။

ဝင်းသပြေထွန်းက နိုင်ငံပေါင်း ၁၆ နိုင်ငံလောက်မှာ မြန်မာအကနဲ့ပတ်သက်လို့ သွားရောက်ဖျော်ဖြေခဲ့ပြီးပါပြီ။ နိုင်ငံခြားသားတွေပဲ လာ ရောက်ကြည့်ကြတဲ့ပွဲတွေမှာတော့ အကနဲ့ပတ်သက်လို့ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ကရတဲ့ တပင်တိုင်အကမျိုးတွေကို အဓိကထားကပြလေ့ရှိကြောင်း သူကပြောပြပါတယ် . .

“သူတို့တွေလိုက် ကလို့မရနိုင်မယ့် အကမျိုးတွေကို ကပြဖြစ်တယ်။ အဲဒါမှပဲ သူတို့တွေ တအားတန်ဖိုးထား မှာလေ။ အလွယ်တကူလိုက် ကလို့ရတဲ့ အကမျိုးတွေဆိုရင်တော့ ဒါငါတို့လည်း ကလို့ရတာပဲဆိုတဲ့ ပုံစံမျိုးဖြစ်မှာ ဆိုတော့ အလွယ်တကူ ကလို့ မရတဲ့အကမျိုးတွေကို ကြိုပြီး တော့ ပြင်ဆင်ထားရတယ်”လို့ ဥရောပနိုင်ငံတွေမှာ သွားရောက် ကပြတဲ့အခါမှာ ကြိုတင်ပြင်ဆင်ရမှုနဲ့ ပတ်သက်လို့ ဝင်းသပြေထွန်းက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here