စီးကရက်ငွေ့တွေက
ခေါင်းပေါ်မှာ ရိတိတိလုပ်ရင်း
ကောင်းကင်ပေါ် ပျံတက်ပျောက်ကွယ်
မိုးအဖြစ် ဝုန်းကနဲရွာချ
အဆုတ်တွေ အအေးပတ်ကုန်တယ်။
‘ဆေးလိပ်သောက်ခြင်းသည်
ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်’
သတိပေးသံတွေ ဆူညံပွတ်လောရိုက်
နာခံမှု မရှိတာ လူ့စရိုက်ပဲ ငါ့ညီ…
လူရှေ့သူရှေ့
စီးကရက် ခဲထားရင် အကောင်ပဲ
ဘာကောင်လဲတော့ မသိဘူး
အကောင်တော့ အကောင်ပဲ။
အတွေးမှား အမြင်မှား အတုမှား
မျက်နှာရှေ့ စီးကရက်ငွေ့တွေ လွင့်ဝဲ
အဆုတ်ထဲ စီးကရက်ငွေ့တွေ လွင့်ဝဲ
ဖျက်ဖို့ခက်တဲ့ စွဲလန်းမှု တစ်ခုလား။
ပျော်ရင် ကောက်ဖွာ
ပျင်းရင် ကောက်ဖွာ
အိပ်ရာဝင်ရင် ကောက်ဖွာ
ကောက်ဖွာ ကောက်ဖွာ
ထမင်းစားပြီးလည်း ကောက်ဖွာ
နောက်ဟာ နောက်မှရှင်း
အချင်းချင်း ရောဂါဘယတွေ မျှဝေကြ။
ကြောက်စရာကောင်းတဲ့
ချောင်းဆိုးသံတွေကြားရ အဟွတ် အဟွတ်
သေမင်းကို ချောင်းဆိုးသံနဲ့
ခြိမ်းခြောက်လို့ မရဘူး။
လူကြီးတွေ စတိုင်နဲ့ဆေးလိပ်သောက်တော့
လူငယ်တွေ စတိုင်နဲ့ဆေးလိပ်သောက်ချင်တယ်
အတုမြင် အတတ်သင်
လက်ဖက်ရည်တစ်ခွက်
ဆေးလိပ်တစ်ပွဲ ဟုတ်နေတာပဲ။
တွင်ကျယ်လာတဲ့ မူးယစ်ဆေး
လူမဖြစ်သေးတဲ့ ကလေးသူငယ်ကို
လူအဖြစ်မပေးဖို့ တားနေတယ်။
‘(၁၈)နှစ်မပြည့်သေးသူများ မရောင်းရ’
ပြည့်တဲ့သူ ရောင်းလား
မပြည့်တဲ့သူ ရောင်းလား
အဲဒီအကြောင်း တွေးဖို့မလို
ဈေးသည် ဈေးလာဝယ်ရင် ရောင်းမှာပဲ။
ဆေးလိပ်သောက်တယ်ဆိုတာ
ကိုယ့်အသက်ကို ကိုယ်ပြန်သတ်နေတာတဲ့
ဆေးလိပ်သောက်တယ်ဆိုတာ
သေမင်းနိုင်ငံကို လေယာဉ်ပျံနဲ့သွားနေတာတဲ့
အဲဒီလို အဆိုအမိန့်တွေ ငါကြားဖူးရဲ့။
ငါ့ညီ…
ခိုင်မာတဲ့စိတ်ဓာတ်နဲ့
ဆေးလိပ်မသောက်ဖို့ ဆုံးဖြတ်ပါ
မူးယစ်ဆေးမသုံးဖို့ ဆုံးဖြတ်ပါ
ပြီးရင်
ကျန်းမာရေးဂရုစိုက်ပါ
ကုသိုလ်ကောင်းမှု လုပ်ပါ
မိသားစုနဲ့မင်းအနာဂတ်ကို စောင့်ရှောက်ပါ
မင်းဟာ မင်းဘဝရဲ့ ဥယျာဉ်မှူးပဲ
မင်းဟာ မင်းဘဝရဲ့ ပဲ့ကိုင်ရှင်ပဲ…။
မင်းဇေယျာ(ကျားတက်)