အမှောင်ကို ဖျော်ရည်လုပ်သောက်တဲ့
တစ္ဆေကြီးပေါ့။
အဲဒီတစ္ဆေကြီးဟာ ကြေးစည်ရိုက်သံမကြား
ပရိတ်သံမကြား သပိတ်တွေကြားထဲ
ပုန်းအောင်းနေတယ်
အဲလ်ကွန်းမိုင်ကုန်ဖွင့်တောင်
မအေးတဲ့သူ့ရင်ဘတ်ကြီးကို
လှပ် လှပ်ပြီး အသုဘရှုယပ်တောင်ကြီးနဲ့
တဖျပ်ဖျပ်ခတ်နေတာပေါ့။
ငွေသံ ကြေးသံ ကြားရင် သကာပျားလို
စိမ့်ယားတတ်တဲ့ တစ္ဆေကြီးပေါ့။
အဲဒီတစ္ဆေကြီးဟာ နေရင့်လေ
အရူးရင့်လေ ဆောင်ပုဒ်နဲ့
ကြာကြာဝါးမယ့်သွားတွေအတွက်
သွားတွေနဲ့ ကြာကြာဝါးတတ်တဲ့ သွားကြီးကြီးဆီ
သွား သွားပြီး သွားပြရတဲ့ သွားလူနာပေါ့။
ကဗျာတစ်ပုဒ်လောက် တက်တူးကနုတ်ထိုးချင်လာတဲ့
တစ္ဆေကြီးပေါ့။
အဲဒီတစ္ဆေကြီးဟာ ဇွဲနဲ့နဘဲနဲ့
စာအုပ်ပုံကြီးထဲ နေကုန်ခေါင်းနှစ်ရှာတော့
သူ့လက်ထဲရောက်လာတဲ့ကဗျာတွေ
ဗလာဖြစ်အငွေ့ ပြန်သွားအောင်
ရင်ဘတ်တွေ မည်းမှောင်လိုက်တာများ
ဆေးမင်ကြောင်တစ်ကွက်စာတောင်
လင်းမလာသူပေါ့။
မောင်ထိန်လင်း(မြို့သာ)