ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ရိုက်ခဲ့ရတဲ့ဇာတ်ကားအကြောင်း အောင်မြင့်မြတ်ပြောပြ

0
266

အနုပညာလောကကို ခြေလှမ်းခပ်စိတ်စိတ်နဲ့ ဝင်ရောက် လာပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူကတော့ အောင်မြင့်မြတ်ပါ။ တပ်မတော်နေ့ အထူးပြုဇာတ်ကားဖြစ်တဲ့ နာရီ ၁၁ဝ ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ထပ်မံ ရရှိထားသူလည်းဖြစ်ပါတယ်။ တပ်မ တော်နေ့အထူးပြုဇာတ် ကားမှာ ပါဝင်ဖြစ်ပုံနဲ့ပတ်သက်ပြီး အောင်မြင့်မြတ်က အခုလို ပြောပြခဲ့ပါတယ်။

“ဆရာမင်းခိုက်စိုးစံနဲ့ ကျွန်တော်နဲ့ကHospital ဒိုင်ယာရီ ဇာတ်လမ်းတွဲကတည်းက ရင်းနှီးလာတာ အခုဆရာတို့က ဒီကားရိုက်ခါနီးကျတော့ ကျွန်တော့်ကို ဆက်သွယ်တယ်။ ဒီ ကားကို ကျွန်တော်နဲ့ ရိုက်ချင်တယ်။ သူတို့ရေးထားတဲ့ ကား ဆိုပြီး လာပြောတော့ ကျွန်တော်လည်း ဆရာတို့ ရေးထားတာ ဆိုတော့ ရိုက်ချင်တယ်။ ဗိုလ်မှူးတင်အောင်စိုးတို့၊ ကိုကြီးဗညား တို့နဲ့က ပြည်ထောင်စုသစ္စာမှာကတည်းက ရင်းနှီးလာတာ တစ်တပ်လုံးနဲ့လည်း အရမ်းရင်းနှီးနေတော့ ကျွန်တော်ရိုက် မယ်ဆိုတော့ သူတို့လည်း ပျော်ကြတယ်။ အဲဒီလိုနဲ့ ဒီကားလေးကို ရိုက်ဖြစ်သွားတယ်။ ဒီကားကို ရိုက်ခါနီးကျမှ စာချုပ် ချုပ် ဖြစ်သွားတာ။ အစတုန်းက အခြား ကားတွေနဲ့ တိုက်နေလို့ ရိုက်မယ် မရိုက်ဘူးဖြစ်သွားသေးတယ်”လို့ ပြောပြပါတယ်။
ဆက်လက်ပြီး အောင်မြင့်မြတ်က ဒီလိုစစ်ဘက်ဆိုင်ရာ အတွေ့အကြုံတွေက စစ်ကား ရိုက်မှရတာ။ ကျွန်တော်အဓိက ဒီကားရိုက်တဲ့ ရည်ရွယ်ချက်က အတွေ့အကြုံကို လိုချင်တယ်။ စစ်ကားနဲ့ပတ်သက်တဲ့ ရုပ်ရှင်ကားတွေ အကုန်လုံးသည် တပ်မတော်က ပစ္စည်းရော၊ အချက်အလက်ရော ထောက်ပံ့ပေးတယ်ဆိုတာလည်း ကျွန်တော်သိတယ်။ အဓိကက အတွေ့အကြုံကို လိုချင်လို့ ရိုက်ဖြစ်သွားတာပါ”လို့ လည်း ပြောပြခဲ့ပါသေးတယ်။

“အခက်အခဲတွေကတော့ အများကြီးပဲ။ ကျွန်တော်တို့ စပြီးတော့ မြိတ်ကျွန်းစုမှာ စရိုက်တယ်။ အဲဒီမှာ နှစ်ပတ်လောက် သွားနေပြီး ရိုက်တယ်။ ပင်လယ်ထဲကို တကယ်ထွက်ပြီးတော့ ကျွန်တော်ရယ်၊ ကိုလင်းမြတ်ရယ်၊ စုလင်းရှိန်ရယ် သုံးယောက် ဖောင်ကြီးပေါ်ကနေ ခုန်ချတဲ့အခန်းဆိုရင် အဲဒီအခန်းရိုက်တုန်းကဆို အောက်က အနက်ကြီးပဲ၊ ပေ ၃ဝ လောက်ရှိတယ်။ ငါးတွေလည်း မြင်နေရတယ်။ ရိုက်ရမှာက ခုန်ချပြီးတော့ ဟိုဘက်က လှေဆီကို ကူးတဲ့အခန်းကို ရိုက်ရမှာ။ ရေကလည်း အရမ်းစီးနေတယ်။ ရေကူးကလည်း ကျွန်တော်က ငယ်ငယ်က သင်ထားတဲ့ အခြေခံပဲရှိတာ၊ ဖြစ်ပါ့မလားဆိုပြီး ကျွန်တော်ရော၊ လင်းမြတ်ရော လန့်နေတာ။ ရေထဲဆင်းပြီဆိုတာနဲ့ ပင်လယ်ပြင် သက်စောင့်တွေက ကျွန်တော်တို့ဘေးမှာ အမြဲပါတယ်။ တပ်မတော် ရေကနေပြီးတော့ ပင်လယ်ပြင်သက် စောင့်လေးယောက်လောက်က ရေထဲမှာ အမြဲစောင့်နေတယ်။ မျောသွားရင် လိုက်ဆယ်ဖို့။ ပထမတစ်ခေါက် ကျွန်တော်တို့ ခုန်ချတုန်းက အန်တာ ၆ ခေါက်၊ ၇ ခေါက်လောက် အန်တာ။ ဗိုက်ထဲက အစာတွေ အကုန် ကုန်သွားတယ်။ ပြီးတော့ ရေသောက်ပြီး အဲဒီအခန်းကို မရရအောင် ဆက်ရိုက်တယ်။ တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေချည်းပဲ။ ပေါင်မှာဆို ပိုဆိုးတယ်။ ရေထဲဆင်းလိုက်တဲ့အချိန်မှာ အောက်က ခရုတွေထိုးတာ ပေါင်တွေမှာ သွေးတွေကိုရဲလို့ တက်လာပြီးဆိုတာနဲ့အဲမှာရှိတဲ့ တံငါသည်တွေက ဒဏ်ရာ တွေကို နနွင်းမှုန့်တွေ သိပ်ပေးတယ်။ တကယ်ငရဲခန်းဖြတ်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့လုံးနဲ့ ကျွန်တော်တို့ မင်းသားတွေ ၇ ယောက်၊ ၈ ယောက်လောက် ပေါင်းပြီးတော့ ရိုက်ကြတာ။ သူတို့လည်း အရမ်းပင်ပန်းတယ်။ သူတို့တောင်ပြောတယ်။ ငရဲပတ်က ငါးရက်ပဲဖြတ်ရတာ။ ကျွန်တော်တို့ ရိုက်တာ နှစ်လသုံးလလောက်ကြာတယ်။ သူတို့က မရိုက်တော့ဘူး။ ငရဲပတ်ဘဲ ပြန်ဖြတ်တော့ မယ်ဆိုပြီး တော့တောင် ပြောနေကြ သေးတယ်”ဆိုပြီး အမှတ်တရရှိခဲ့တဲ့ အကြောင်းတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here