မူကြိုကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင် လူဦးရေ ထက်ဝက်ထိ လျှော့ချ ဖွင့်လှစ်ရမည်

0
364

နေပြည်တော် ဇွန် ၈

နိုင်ငံအတွင်းရှိ မူကြိုကျောင်းများ ဖွင့်လှစ်ရာတွင် Covid-19 စည်းကမ်းချက်များနှင့် လိုက်နာ ဖွင့်လှစ်ရမည်ဖြစ်ပြီး ပုံမှန် လက်ခံသည့် လူဦးရေ ၏ ထက်ဝက်ခန့်သာ လက်ခံ ဖွင့်လှစ်ရမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ဇွန်လ ၁ ရက်နေ့မှစ၍ အခြေခံပညာကျောင်းများ စတင် ဖွင့်လှစ်သင်ကြားနေပြီဖြစ်ရာ လူမှုဝန်ထမ်း ဦးစီးဌာနအောက်ရှိ မူကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများကိုလည်း မကြာမီ ဖွင့်လှစ်သွားနိုင်ရန် စီစဉ်လျက် ရှိပြီး ထိုသို့ မူကြိုကျောင်းများ ဖွင့်လှစ်ရာတွင်လည်း Covid-19 စည်းကမ်းချက် များနှင့်အညီ လိုက်နာ၍ ဖွင့်လှစ်ရမည်ဖြစ်သလို ယခင် ပုံမှန်လက်ခံနိုင်သည့် လူဦးရေ ၏ ထက်ဝက်ခန့်သာ လက်ခံ ဖွင့်လှစ်ကြရမည်ဖြစ်ကြောင်း သိရသည်။

“ဖွင့်မဲ့ရက် ကတော့ ခုချိန်ထိ တိတိကျကျတော့ပြောလို့ မရသေးပါဘူး။ အထက်ကိုတော့ အားလုံး တင်ပြထားပါတယ်။ ဖွင့်တဲ့အခါမှာလဲ ကိုဗစ် စည်းကမ်းချက်တွေ အတိုင်း လိုက်နာကြဖို့တော့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တွေ ကိုလည်း ထုတ်ညွှန်ကြား ထားပါတယ်။ ပြည်နယ်နှင့် တိုင်းတွေမှာ ညှိနှိင်းနေကြပါတယ်။ ဇွန်လ ၇ ရက်နေ့မှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နဲ့ ကိုဗစ် စည်းကမ်းချက်တွေ အတွက် အစည်းဝေး လုပ်သွားမှာပါ။ social distancing ကိစ္စတွေရောပေါ့၊ ကလေးတွေအတွက်က နဲနဲခက်ပေမဲ့ ဘယ်လိုလုပ်ရင်ကောင်းမယ် ဆိုတာ ဆွေးနွေးပြီး လမ်းညွှန်လေး ထုတ်ပြန်သွားမှာပါ။ အဓိက ကတော့ မူကြိုတွေပြန်ဖွင့်ရင် ကိုဗစ် စည်းကမ်းတွေကို လိုက်နာရမယ်၊ ပြီးတော့ အရင်က ပုံမှန် လက်ခံနေကြ လူဦးရေက ၁၀၀ ဆိုရင် ၅၀ ဦးပဲ လက်ခံ ဖွင့်လှစ်ရမှာပါ။” ဟု လူမှု ဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လူမှုဝန်ထမ်း ဦးစီးဌာနအောက်ရှိ အစိုးရ မူကြိုကျောင်းပေါင်း ၁၄၀ ကျော်ရှိပြီး ကိုယ့်အား ကိုယ်ကိုး မူကြိုကျောင်းပေါင်း ၁၀၀၀ ကျော်ရှိကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။

မူကြိုပညာရေး အနေဖြင့် ကလေးငယ်များ ၏ ပညာရေးအတွက် ထင်သာမြင်သာ မရှိသော်လည်း ကလေးငယ်များ ၏ ဖွံဖြိုး တိုးတက်ရေးအတွက် များစွာ အထောက်အကူရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here