နေပြည်တော်တွင် တောင်သူ ၆၃၅ ဦးအတွက် ငွေကျပ် ၃၅၂ သန်းကျော် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ များ ထုတ်ချေးပေးထား

0
173

နေပြည်တော် ဇွန် ၁၆

နေပြည်တော်ပြည်ထောင်စု နယ်မြေအတွင်းရှိ ကျေးရွာအုပ်စု ၁၁ အုပ်စုမှ တောင်သူဦးရေ ၆၃၅ ဦးကို မိုးရာသီစိုက်ပျိုး စရိက်ချေးငွေများ စုစုပေါင်း ငွေကျပ် ၃၅၂ ဒသမ ၄၅ သန်းကိုသာ ထုတ်ချေးပေးထားရသေးကြောင်း မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်(နေပြည်တော်) မှ သိရသည်။

လက်ရှိတွင် ၂၀၂၁ ခု နှစ်၊ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ များကို စပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုင်းနှင့် အခြားသီးနှံတစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်း တို့ဖြင့် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်မှ စ၍ ထုတ်ချေးပေးနေပြီ ဖြစ်ရာ ဇွန်လ ၁၁ ရက်နေ့ထိတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ အတွင်း ချေးငွေဟောင်းဆပ်ပြီးသည့် တောင်သူဦးရေ ၆၃၅ ဦးကို စိုက် ဧကပေါင်း ၂၅၉၃ ဧကအတွက် ငွေကျပ်သန်း ၃၅၂ ဒသမ ၄၅ ကို ထုတ်ချေးပေးထားကြောင်း သိရသည်။

” ဒီနှစ်ထုတ်ချေးပေးထားတဲ့ အနေအထားက အရင်နှစ်နဲ့ယှဉ်ရင် ၁ ရာခိုင်နှုန်းကျော်ပဲ ထုတ်ချေးပေးထားနိုင်ပါသေးတယ်။ အဓိက တောင်သူတွေ ချေးငွေလာမဆပ်ကြလို ပြန်ဆပ်ငွေမရလို့ ထုတ်ချေးမပေးနိုင်တာရယ်၊ မြန်မာ့စီးပွားရေးဘဏ်ကနေလဲ အကန့်အသတ်နဲ့ ထုတ်နေရတဲ့ အခြေအနေတွေကြောင့်လဲပါတာပေါ့။ ပြီးတော့ တောင်သူတွေက ကိုဗစ် အထူးချေးငွေရော၊ မိုးကြိုချေးငွေရော၊ ပြီးခဲ့တဲ့ နှစ်လယ်မိုးချေးငွေလဲ ရှိနေတော့ တောင်သူတွေရဲ့ ဆပ်ငွေပမာဏက အင်အားနည်းနေတာပါ” ဟု အဆိုပါဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

နေပြည်တော်ပြည်ထောင်စု နယ်မြေ ရှိ မြိုနယ် ရှစ်မြို့နယ်အတွင်းမှ တောင်သူအင်အားနှင့် ယှဉ်ပါက ၁၀ ရာခိုင်နှုန်းခန့်သာ ချေးငွေဟောင်းများ ပြန်လည်ကောက်ခံ ရရှိထားကြောင်း၊ နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် စိုက်ဧကပေါင်း ၁၆၀၀၀၀ ကျော် ရှိသော်လည်း ပုံစံ(၇) ရှိသည့် တောင်သူများ ကိုသာ ထုတ်ချေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။

” ကျွန်မတိုလယ်ဝေးမြို့နယ်အတွင်းမှာတော့ စပါးစိုက်ဧကတွေ အတွက်ကိုပဲ ချေးငွေချေးပေးပါတယ်။ ချေးငွေ စထုတ်ချေးပေး ခဲ့တဲ့ အချိန်ကစပြီး ဇွန်လ ၉ ရက်နေ့ထိမှာ တောင်သူတွေကနေ ပြီးခဲ့တဲ့နှစ် မိုးချေးငွေ ဆပ်ငွေပေါင်း ကျပ် ၇၂၇၂ ဒသမ ၅၀ သိန်း ပြန်ဆပ်ပြီးပါပြီ။ ချေးငွေဆပ်ဖို့ ကျန်နေသေးတာက ငွေကျပ် ၆၄၂၇၉ သိန်း ကျန်နေပါသေးတယ်။ ရာခိုင်နှုန်းအနေနဲ့က ၁၀ ရာခိုင်နှုန်းကျော်ပဲ ရှိပါသေးတယ်” ဟု မြန်မာ့လယ်ယာဖွံဖြိုးရေး ဘဏ်ခွဲ (လယ်ဝေးမြို) မှ မန်နေဂျာ ဒေါ်ထွေးထွေးသိန်း ကပြောပြသည်။

လယ်ဝေးမြို့နယ်တွင် ၂၀၂၁ မိုးချေးငွေကို ကျေးရွာအုပ်စု သုံးအုပ်စုမှ တောင်သူဦးရေ ၃၀၀ ဦး ၏ စိုက်ဧက ၁၁၀၆ ဧကအတွက် ငွေကျပ် ၁၆၅၀ သိန်းကို ထုတ်ချေးပေးထားပြီး ချေးငွေဟောင်းဆပ်ရန်ကျန်တောင်သူ တစ်သောင်းကျော်ခန့် ကျန်ရှိနေသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here