လာမည့် နှစ်တွင် လယ်ယာ သန်းခေါင်စာရင်း ကောက်ယူမည်

0
243

နေပြည်တော် ဇွန် ၂၀

ကျေးလက်ဒေသများရှိ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများဖြင့် အသက်မွေး ဝမ်းကျောင်းပြုနေကြသည့် ပြည်သူ အများစုအတွက် လယ်ယာ သန်းခေါင်စာရင်း အချက် အလက်များ ကအရေးပါသော လုပ်ငန်းတစ်ခုဖြစ်တာကြောင့် လာမည့် ၂၀၂၂ ခုနှစ်တွင် လယ်ယာ သန်းခေါင်စာရင်းများ ကောက်ယူသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ လယ်ယာ သန်းခေါင်စာရင်းကို ၁၉၅၃ ခုနှစ် ၊ ၁၉၉၃ ခုနှစ်၊ ၂၀၀၃ ခုနှစ် တို့တွင် ကောက်ယူခဲ့ပြီး ၂၀၁၀ခုနှစ်တွင် စတုတ္ထအကြိမ်ကောက်ယူခဲ့ကြောင်း၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်များကို ခေတ်မီ နည်းစနစ်များဖြင့် ပိုမိုဖွံဖြိုး တိုးတက်အောင် ဆောင်ရွက်ပြီး အခြားကဏ္ဍ များကိုလည်း ဘက်စုံ ဖွံဖြိုးရေး ဆောင်ရွက်ရန် နိုင်ငံတော် က ချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက် ပြည့်ဝအောင်မြင်ရေး အတွက် မူဝါဒများ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် လယ်ယာ သန်းခေါင်စာရင်း မှ ရရှိသော အချက်အလက် များက များစွာ အထောက်အကူ ပြုစေမည်ဖြစ်သည့်အတွက် စာရင်းဇယားများ ကိန်းဂဏန်းများ တိကျမှန်ကန်စေရေး အတွက် လာမည့် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံလယ်ယာသန်းခေါင်စာရင်းများကို ထပ်မံကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

” အခု ကောက်ယူမဲ့ လယ်ယာ သန်းခေါင်စာရင်းက ၂၀၂၀ခုနှစ်မှာ ကောက်ယူဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ အဲ့ဒီအချိန်တုန်း က ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းတွေ ရပ်တန့်ခဲ့ရတဲ့အတွက် လာမဲ့ ၂၀၂၂ ခုနှစ်မှာ ဆက်လက်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။” ဟု အဆိုပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောပြသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်တွင် စတုတ္ထအကြိမ်ကောက်ယူခဲ့သည့် လယ်ယာ သန်းခေါင်စာရင်း ကောက်ယူမှုတွင် နမူနာ အိမ်ထောင်စု ၅ ဒဿမ ၄ သန်း ၌ သီးနှံ စိုက်ပျိုးရေး နှင့် တိရစ္ဆာန် မွေးမြူရေး ပူးတွဲ လုပ်ကိုင်နေသည့် အိမ်ထောင်စုပေါင်း ၃ ဒဿမ ၉ သန်း ၊ သီးနှံစိုက်ပျိုးရေး သီးသန့်လုပ်ကိုင်သူ အိမ်ထောင်စုပေါင်း ၁ ဒဿမ ၂ သန်း ၊ မွေးမြူရေး သီးသန့်လုပ်ကိုင်သူ အိမ်ထောင်စုပေါင်း ဒဿမ ၄ သန်း ရှိကြောင်း၊ ၂၀၀၃ ခုနှစ် လယ်ယာ သန်းခေါင်စာရင်း နှင့် ၂၀၁၀ခုနှစ် လယ်ယာ သန်းခေါင်စာရင်း ကို နှိင်းယှဉ်ပါ လယ်ယာပိုင်ဆိုင်မှုဧရိယာ အနေဖြင့် ၂၀၁၀ခုနှစ် တွင် ၄၉ ရာခိုင်နှုန်းမြင့်တက် လာကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here