သမ္မတနှင့်နိုင်ငံတော်အတိုင်ပင်ခံတို့အပေါ် စွဲဆိုထားသည့် အမှုများနှင့်ပတ်သက်ပြီး တရားလိုပြသက်သေများအား ယနေ့ စစ်ဆေး

0
163
နေပြည်တော်၊ဇွန် ၂၂
သမ္မတ ဦးဝင်းမြင့် အပေါ် တရားစွဲဆိုထားသည့် အမှုများအနက်မှ သဘာဝဘေးအန္တရာယ်ဥပဒေပုဒ်မဖြင့် စွဲဆိုထားသည့် အမှု၊ နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် အပေါ်တရားစွဲဆိုထားသည့် အမှုများအနက်မှ သဘာဝဘေးအန္တရာယ်ဥပဒေပုဒ်မဖြင့် စွဲဆိုထားသည့် အမှု၊ ဆက်သွယ်ရေးဆိုင်ရာဥပဒေဖြင့် စွဲဆိုထားသည့် အမှု၊ပို့ကုန်သွင်းကုန်ဥပဒေဖြင့် တရားစွဲဆိုထားသော အမှုတို့ ၏ တရားလိုပြ သက်သေများအား ယနေ့တွင် စစ်ဆေးခဲ့ကြောင်း ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့၏ ရှေ့နေများက ဆိုသည်။ အမှုများအား နေပြည်တော် တွင် အထူးတရားရုံးဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဦးဝင်းမြင့်အပေါ် တရားစွဲဆိုထားသော သဘာဝဘေးဥပဒေ ပုဒ်မအတွက် တရားလိုပြသက်သေများမှာ ဒုရဲအုပ်လှိုင်ဝင်းနှင့် ဇေယျသိဒ္ဓိ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်တို့ဖြစ်ကာ အဓိက စစ်မေးခြင်းနှင့် အပြန်အလှန်စစ်မေးခြင်း များပြုလုပ်ခဲ့ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစွဲဆိုထားသော သဘာဝဘေးဥပဒေ ပုဒ်မအတွက် တရားလိုပြသက်သေမှာ ဒုရဲအုပ်လှိုင်ဝင်း၊ ဆက်သွယ်ရေး ဥပဒေပုဒ်မနှင့် ပို့ကုန်သွင်းကုန်ဥပဒေအတွက် တရားလိုပြသက်သေအဖြစ် ဗိုလ်ကြီးအာကာမင်းနိုင်ဖြစ်ကာ အဓိက စစ်မေးခြင်းနှင့် အပြန်အလှန်စစ်မေးခြင်းများပြုလုပ်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေကပြောသည်။
အမှုများ၏ တရားလိုပြသက်သေများအား စစ်မေးစဉ် ဒေါ်အောင်ဆန်းစုကြည်က အမှုတစ်ခုခြင်းစီအလိုက် အထူးအာရုံစိုက်မှုများ ရှိခဲ့ကြောင်းလည်း တရားလွှတ်တော်ရှေ့နေများက ဆိုသည်။
ရှေ့နေများနှင့် သီးခြားတွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က သူမ၏မွေးနေ့အပေါ် ပြည်သူများက ဆုတောင်းမေတ္တာပို့ပေးကြသည်ကို လည်း ကျေးဇူးတင် စကားဆိုခဲ့ကြောင်းလည်း ရှေ့နေများကပြောပြကြသည်။
ပြည်သူများ ကျန်းမာချမ်းသာ ရှိကြစေရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ဆုတောင်းစကားပြန်ပေးခဲ့သည်ဟုပါ ရှေ့နေများ  ကပြောပြကြ သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here